ကိုရိုနာဗိုင်းရပ်စ်ကြောင့် မွန်ပြည်နယ် တရားရုံးများ အမှုရုံးချိန်း ရွှေ့ဆိုင်း
DVB
·
March 28, 2020
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် မွန်ပြည်နယ်အတွင်းရှိ တရားရုံးတွေမှာ စစ်ဆေးဆောင်ရွက်မယ့် အမှုတွေကို ရုံးချိန်း ရွှေ့ဆိုင်းလိုက်ပြီလို့ မွန်ပြည်နယ် တရားလွှတ်တော် တရားရေးဦးစီးမှူး ဒေါ်ညိုမီစံက ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။
အမှုစစ်ရုံးချိန်းတွေ ရွှေ့ဆိုင်းရာမှာ အာမခံပေးထားတဲ့ ရာဇဝတ်မှုတွေနဲ့ တရားမအမှုတွေကို ဧပြီ ၃၁ ရက်နေ့အထိ ရွှေ့ဆိုင်းခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် အချုပ်အမှုကိုတော့ သက်ဆိုင်ရာ တရားစွဲ အဖွဲ့အစည်းတွေ ညှိနှိုင်းပြီး အမှုစစ်သွားမှာ ဖြစ်ပေမယ့် အခက်အခဲရှိလာရင် ရွှေ့ဆိုင်းသွားဖို့ ရှိနေတာပါ။
အမှုစစ်ရုံးချိန်းတွေကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူစုလူဝေးတွေ ထိန်းချုပ်ချင်လို့ အခုလို ရွှေ့ဆိုင်းလိုက်တာလို့ ဒေါ်ညိုမီစံက ပြောပါတယ်။
မွန်ပြည်နယ်မှာတော့ ပြည်နယ် တရားလွှတ်တော် တရားရုံးအပါအဝင် ခရိုင်နဲ့ မြို့နယ် တရားရုံးပေါင်း ၁၃ ရုံးမှာ အမှုစစ်ဆေးနေတာ ဖြစ်ပါတယ်။