Home
မြန်မာသတင်း
နိုင်ငံခြားပြန်များကို သီးသန့်ထား စောင့်ကြည့်ရန်  ပြည်မြို့တွင် စတင်ရွှေ့ပြောင်းနေ
မင်းညို
·
March 28, 2020
ကိုရိုနာဗိုင်းရပ်စ်မပြန့်ပွားရေးအတွက် မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာသူတွေကို ၁၄ ရက် စောင့်ကြည့်ဖို့ ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ ယာယီပြုလုပ်ထားတဲ့ သူနာပြုတက္ကသိုလ်ဝင်းထဲကို ဒီနေ့ မတ်လ ၂၇ ရက်က  စတင်ရွှေ့ပြောင်းနေပါတယ်။  အသွားအလာ ၁၄ ရက်ကန့်သတ်ခံရမှာကို တချို့လူတွေက လက်မခံကြဘဲ ရှောင်တိမ်းနေကြတာတွေရှိသလို တချို့ကလည်း သွားခေါ်တဲ့အဖွဲ့တွေကို မချေမငံ ပြောတာတွေ မလိုက်နိုင်ဘူးဆိုပြီး ငြင်းဆန်တာရှိတယ်လို့  အဖြူရောင်သွေးပရဟိတအဖွဲ့ဝင် ကိုနေဇာက ရှင်းပြပါတယ်။ “ကျနော်တို့က အတင်းခေါ်လို့လည်းမရဘူး။ ခက်တာက ဒီက ထွေအုပ်က တာဝန်ရှိသူတွေကလည်း ဒေသသန္တရအမိန့်တွေ ဘာတွေ ထုတ်မပေးတော့ ဘယ်သူ့အမိန့်နဲ့ လုပ်တာလဲ၊ မလိုက်တော့ဘာဖြစ်လဲဆိုတော့ ကျနော်တို့မှာ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်လို့ မရတော့ဘူးပေါ့။ မနက်ကဆိုရင် ကေအန်ယူအဖွဲ့က ဗိုလ်တယောက်ဆိုရင် မလိုက်နိုင်ဘူး။ သူတို့က ပြန်မှာဆိုပြီး ငြင်းတယ်။ နောက်ကြားရတာက သူတို့ ဟိုကိုလည်း မပြန်ကြဘူး။ တကယ်ဆိုရင် ထွေအုပ်ဝန်ထမ်းတွေလိုက်ပါလာပြီး မလိုက်ရင် ရဲနဲ့အရေးယူဖို့တို့ပါ လုပ်သင့်လုပ်ရမှာ။ သူတို့ကြောင့်အားလုံး ဒုက္ခရောက်သွားနိုင်တယ်”   ပြည်ပကပြန်လာသူတွေကို ပြည်မြို့နယ်ထဲမှာ ပြည်သူနာပြုတက္ကသိုလ်၊ ပေါင်းတလည် အ.ထ.က၊ ဝက်ထီးကန် အ.ထ.က၊  လယ်ဘဲ့ အ.ထ.က စတဲ့ နေရာ ၄ ခုမှာ Facility Quarantine သီးသန့်ခေါ်ယူစောင့်ကြည့်ဖို့ အစိုးရက ပြင်ဆင်ထားတာဖြစ်ပါတယ်။  သူတို့အတွက် စားရေး သောက်ရေးကအစ အလှူရှင်တွေရဲ့ အကူအညီနဲ့ အကုန်တာဝန်ယူ ပြင်ထားထားပြီး  စုစုပေါင်း လူ ၄၀၀ လောက်အထိ ကူညီနိုင်တယ်လို့ သိရပါတယ်။ နိုင်ငံခြားပြန်တွေကို ပြည်မြို့နယ်ထဲက  မီးသတ်၊ ကြက်ခြေနီ၊ ပရဟိတအဖွဲ့တွေ၊ နာရေးကူညီမှုအသင်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူ့ကျန်းမာရေးအဖွဲ့တွေနဲ့အတူ အဖွဲ့ ၃ ဖွဲ့ခွဲပြီး နေ့၊ည မပြတ် ၁၄ စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ကိုကျော်ဇေယျက “ပြည်မြို့ သူနာပြုတက္ကသိုလ်မှာတော့ ဒီမနက်ကစပြီး၊ ပရဟိတကားတွေ အကူအညီနဲ့ ပြည်တော်ပြန်တွေကို လိုက်လံခေါ်ယူနေပါပြီ၊ သူတို့ကို ကူညီဖို့အတွက်ကိုလည်း လှူချင်ရင် လာရောက်ဆက်သွယ် လှူဒါန်းနိုင်ပါတယ်” လို့ ပြောပါတယ်။ ပဲခူးတိုင်းထဲမှာ ညောင်လေးပင်မြို့နယ်မှာ ၂ ယောက် ပြည်မြို့မှာ ၁ ယောက် ကိုရိုနာဗိုင်းရပ်စ် ရောဂါ သံသယနဲ့ ဆေးရုံတက်နေခဲ့ရပေမယ့် မတ်လ ၂၆ ရက်  ဓာတ်ခွဲခန်းအဖြေအရ ရောဂါပိုး မတွေ့ရှိပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024