စစ်တွေဆေးရုံတွင် စောင့်ကြည်လူနာ ၁ ဦး ထပ်တိုး
DVB
·
March 27, 2020
တရုတ်နိုင်ငံကနေပြန်လာတဲ့ မြေပုံမြို့နယ်က အသက် ၂၈ နှစ်အရွယ် လူနာတဦး ဖျားနာ၊ ချောင်းဆိုးလို့ ဆေးစစ်ချက်တွေ ယူဆောင်ပြီး ရန်ကုန်အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနကို ပို့ဆောင်ထားရတယ်လို့ ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
အဆိုပါလူနာဟာ မတ်လ ၂၆ ရက်နေ့က ဆေးရုံကိုရောက်လာတာကြောင့် စစ်တွေဆေးရုံမှာ စောင့်ကြည့်လူနာအဖြစ် ထားရှိတယ်လို့ ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန (တိုးချဲ့ကာကွယ်ဆေး၊ ကူးစက်) လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။
“ဆေးစစ်ချက်ကို မနေ့ညနေက အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနရန်ကုန်ကို ပို့ထားတယ်။ စောင့်ကြည့်လူနာပါ။ ဖျားတာရယ်၊ ချောင်းဆိုးတာရယ်ပါ။ လူနာက အခြေအနေကောင်းပါတယ်။ အသက် ၂၈ နှစ်၊ မြေပုံက၊ တရုတ်ကနေ ပြန်လာတာ။”
ရခိုင်ပြည်နယ်အတွင်း၊ မင်းပြားမြို့နယ်က သံသယလူနာတဦး တွေ့ရှိခဲ့သလို မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူမှာ ၁၀ ယောက် တွေ့ရှိခဲ့ပြီး၊ အခုတယောက်နဲ့ဆိုရင်တော့ စောင့်ကြည့်လူနာ ၁၀ ယောက်နဲ့ သံသယလူနာတယောက် တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။
သံသယလူနာ ၁၀ ယောက်မှာ ၅ ယောက် အခြေအနေသက်သာလို့ ဆေးရုံးကနေ ဆင်းခွင့်ပြုလိုက်ပြီး ကျန်တဲ့ ၅ ယောက်ကိုတော့ စစ်ဆေးရုံ သီးသန့်အဆောင်မှာ ထားပါတယ်။
အခုစောင့်ကြည်လူနာက တရုက်နိုင်ငံကနေ ပြီးခဲ့တဲ့မတ်လ ၁၄ ရက်က ရခိုင်ပြည်နယ်ကို ရောက်ရှိလာတာဖြစ်ပြီး သူ့ကို စစ်တွေဆေးရုံ သီးသန့် အဆောင်မှာ ထားရှိပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 အတည်ပြုလူနာ ၅ ဦး ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။