ဘားအံဆေးရုံကြီးတွင် COVID-19 စောင့်ကြည့်လူနာ ၃ ဦး ထပ်မံရောက်ရှိ
DVB
·
March 27, 2020
ကရင်ပြည်နယ်၊ ဘားအံပြည်သူဆေးရုံကြီးမှာ COVID-19 စောင့်ကြည့်လူနာ ၃ ဦး ထပ်မံရောက်ရှိလာပြီး ဓာတ်ခွဲတွေ့ရှိချက်တွေ ရန်ကုန် အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနကို ပေးပို့စစ်ဆေးထားတယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာ ဘရမ်အောင်က ပြောပါတယ်။
“ထိုင်းနိုင်ငံ ဘန်ကောက်ကပြန်လာပြီး ဖျားနာ၊ ဝမ်းလျှောလို့ ရောက်ရှိလာတဲ့ လူနာ ၂ ဦးက ထိုင်းနိုင်ငံပြန်တွေ ဖြစ်နေလို့။ မနေ့(၂၆ရက်)က မနက်ပိုင်းလောက်က တရုတ်နိုင်ငံသား ၁ ဦး ဖျားနာ၊ ဝမ်းလျော့ပြီး ဆေးရုံကို ရောက်လာတယ်။ ရောက်နေတာကြာပြီဆိုပေမယ့် တရုတ်တွေက ဝင်လိုက် ထွက်လိုက်နဲ့ စိုးရိမ်လို့ သူ့ကို စစ်ဖို့လုပ်ထားတယ်” လို့ ပြောပါတယ်။
ဘားအံမြို့နယ်၊ နုတ်ထိပ်၊ ကောမော့စိန်ကျေးရွာနေ အသက် ၂၇ နှစ်အရွယ် အမျိုးသားနဲ့ တံတားဦး၊ ကျုံစောင့်ကျေးရွာနေ အသက် ၂၀ နှစ်အရွယ်အမျိုးသားတို့ဟာ မတ် ၂၂ ရက်နဲ့ ၂၄ ရက်နေ့တွေမှာ ထိုင်းနိုင်ငံကနေ ပြန်ရောက်လာတာဖြစ်ပြီး ဖျားနာ၊ ဝမ်းလျှောတာတွေကြောင့် ဘားအံဆေးရုံကို ရောက်ရှိလာခဲ့တာပါ။ တရုတ်နိုင်ငံသားကတော့ CRBC ကုမ္ပဏီက ဖြစ်ပါတယ်။
ဘားအံပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်နေတဲ့ COVID-19 ရောဂါစောင့်ကြည့်လူနာနဲ့ သံသယလူနာ စောင့်ကြည့်လူနာ ၅ ဦးလုံး အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)က COVID-19 ရောဂါ မတွေ့ရှိတဲ့အတွက် မတ် ၂၅ ရက်က ဆေးရုံဆင်းခွင့်ပြုလိုက်ပြီလို့ တာဝန်ရှိသူက ပြောပါတယ်။
မြဝတီမြို့၊ ခရိုင်ပြည်သူ့ဆေးရုံကြီးက COVID-19 သံသယစောင့်ကြည့် လူနာ ၁ ဦးမှာလည်း COVID-19 ဓာတ်ခွဲစစ်ဆေးမှုအဖြေတွေအရ ရောဂါပိုးမရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။
ရဲမင်းခေါင်