စပိန်တွင် လူသေဆုံးမှု မြင့်လာသဖြင့် အအေးခန်းထရပ်ကားကို ယာယီရေခဲတိုက်အဖြစ် ပြောင်းလဲ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေဆုံးတာ မြင့်တက်လာတဲ့ စပိန်နိုင်ငံမှာ မတ်  ၂၆ ရက်က အအေးခန်း ထရပ်ကားတစီးကို ယာယီရေခဲတိုက်အဖြစ် ပြောင်းလဲလိုက်ပါတယ်။ မက်ဒရစ်မြို့က  ရေခဲပြင် စကိတ်ကွင်းကို အအေးခန်း ထရပ်ကား ရောက်ရှိလာတာဖြစ်ပြီး  ထရပ်ကားမောင်းသူနဲ့ ရဲတပ်ဖွဲ့ဝင်တွေ နှာခေါင်းစည်း စည်းထားသလို ကျန်းမာရေးဝန်ထမ်းတွေကလည်း ကာကွယ်ရေးဝတ်စုံအပြည့် ဝတ်ထားကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ရေခဲတိုက်တွေမှာ အလောင်းတွေကို နေရာမပေးနိုင်တော့ဘူးလို့ တာဝန်ရှိသူတွေ ပြောကြားပြီးနောက် မြို့တော် မက်ဒရစ်က ရေခဲပြင် စကိတ်ကွင်းဟာ ရေခဲတိုက်တခု ဖြစ်လာပါတယ်။ မတ်လ ၁၄ ရက်က အရေးပေါ် အခြေအနေ ထုတ်ပြန်ပြီးနောက်ပိုင်း စပိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်က ၁၀ ဆ မြင့်တက်လာပါတယ်။ မတ်လ ၂၅ ရက်က တစ်နေ့တည်း သေဆုံးသူ  ၇၃၈ ဦးရှိပြီး စုစုပေါင်း သေဆုံးသူ အရေအတွက်ဟာ တရုတ်နိုင်ငံကို ကျော်တက်ခဲ့ပါတယ်။ မတ်လ ၂၇  ရက် Worldometer ဝက်ဘ်ဆိုက်ဖော်ပြချက်အရ စပိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်ကြောင့် စုစုပေါင်း သေဆုံးသူ  ၄,၃၆၅ ဦးရှိပြီး ကူးစက်ခံရသူ ၅၇၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up