ပဲခူးတိုင်း ဇီးကုန်းမြို့နယ်တွင် အကြမ်းဖက်မှု ဖြစ်ပွား
DVB
·
March 27, 2013
ဒီနေ့ မနက် ၃ နာရီ ၀န်းကျင်လောက်က ပဲခူးတိုင်း ဇီးကုန်းမြို့မှာ ဗလီ ၁ လုံးနဲ့ လူနေအိမ်တချို့ကို ၀င်ရောက်ဖျက်ဆီးမှု ဖြစ်ခဲ့ကြောင်း ဇီးကုန်းကို ရောက်နေတဲ့ မန္တလေးမြို့ခံ မျက်မြင်တဦးက ဒီဗွီဘီကို ပြောပါတယ်။
လူ ၁၀၀ ၀န်းကျင်လောက်ရှိတဲ့ လူအုပ်ဟာ ဇီးကုန်းဘုရားလမ်းက ဗလီ ၁ လုံးနဲ့ လူနေအိမ်တချို့ကို ချိုးဖျက်ဝင်ရောက်ပြီး မြင်တွေ့သမျှ အော်ဟစ် ဖျက်ဆီးတယ်လို့ သူကပြောပါတယ်။
အခင်းဖြစ်ပွားချိန် ရဲတွေလည်း မလှမ်းမကမ်းမှာ ရှိနေပြီး အကြမ်းဖက်လူအုပ်ကို အဆောက်အဦတွေကို မီးမရှို့ဖို့နဲ့ လူတွေကို ရန်မပြုဖို့ မေတ္တာရပ်ခံ ပြောဆိုခဲ့ပေမယ့် ၀င်ရောက်တားဆီးတာမျိုး မလုပ်ခဲ့ဖူးလို့ ဆိုပါတယ်။
အစိုးရဟာ အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်၊ အုတ်ဖိုနဲ့ မင်းလှမြို့နယ်တွေမှာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပါတယ်။
ကြို့ပင်ကောက်မြို့နယ်မှာ မတ် ၂၅ ရက် ည ၁၁ နာရီခွဲလောက် ဆူပူဖျက်ဆီးလိုသူတွေက နေအိမ်၊ ဆိုင်ခန်းနဲ့ ဘာသာရေး အဆောက်အအုံတွေကို ဖျက်ဆီးလုပ်ဆောင်ခဲ့ကြကြောင်း၊ အုတ်ဖို မြို့နယ်မှာလည်း မတ် ၂၄ ရက် ည ၉ နာရီ ၄၅ မိနစ်ကစတင်ပြီး ဆူပူအကြမ်းဖက် လိုသူတွေက နေအိမ်၊ ဆိုင်ခန်း၊ ဘာသာရေး အဆောက်အအုံတွေကို ဖျက်ဆီးခဲ့ကြကြောင်း၊ မင်းလှမြို့နယ် လက်ပံရေကျော် ကျေးရွာအုပ်စု၊ တာတွေ့ကျေးရွာနဲ့ စစ်ကွင်း ကျေးရွာတွေမှာလည်း ဆူပူအကြမ်းဖက် ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့ကြတဲ့အတွက် အခုလို ပုဒ်မ ၁၄၄ ထုတ်ပြန်ရတာလို့ ဆိုပါတယ်။