ကောင်းခါးရွာအနီး ငွေကျပ် ၂၉ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ထပ်မံဖမ်းဆီးရမိ
DVB
·
March 27, 2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာအနီးမှာ ငွေကျပ် ၂၉ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ်ပစ္စည်းတွေ ထပ်မံသိမ်းဆည်းရမိတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
မတ်လ ၂၆ မနက် ၁၀ နာရီခွဲလောက်က ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေဟာ ကောင်းခါးကျေးရွ အရှေ့ဘက် မီတာ ၅၀၀ ခန့်အကွာရှိ အဆောက်အဦပျက်အတွင်းကနေ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၆၂၀၀၀၀၀ ပြား၊ 88/1 စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀၀၀၀၀ ပြား၊ တံဆိပ်မပါသော စိတ်ကြွရူးသွပ်ဆေးပြား ၅၃၆၄၀၀၀ ပြား၊ ICE ၆၈ ကီလို၊ ကဖင်း ၄၈၀ ကီလိုနဲ့ ဆေးပြားတံဆိပ်ရိုက်တံ ၁၅၀ ချောင်းတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။
ဖမ်းဆီးရမိတဲ့အဆိုပါ မူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ်ပစ္စည်းတမျိုး စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၂၉ ဘီလီယံကျော်ဖိုးကို ကွတ်ခိုင်မြို့ရှိ မူးယစ်တပ်ဖွဲ့စုသို့ လွှဲပြောင်းအပ်နှံသွားမယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာအနီးမှာအခုလအတွင်း တပ်မတော်က ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ်ပစ္စည်းတွေရဲ့ တန်ဖိုးဟာ ကျပ်ငွေ ဘီလီယံ ၃၀၀ ကျော်ဖိုးရှိနေပြီ ဖြစ်ပါတယ်။