ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရန် ထိုင်းကရင်ကျေးရွာအချို့ ရွာဝင်လမ်းများ ပိတ်ဆို့ထား 

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ခေါ်  ပြင်းထန်အဆုတ်ရောင်ရောဂါ ကာကွယ်ရေးအတွက် အစိုးရက ပြည်သူတွေကို အိမ်ထဲမှာပဲနေကြဖို့ တိုက်တွန်းနှိုးဆော်ထားသလို ကျေးရွာအချို့မှာလည်း ရွာထဲ ကူးစက်ပိုးတွေ ရောက်မလာအောင်လို့  ရွာအဝင်လမ်းတွေ ပိတ်ဆို့ ထားကြပါတယ်။ ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်မှာဆိုရင် ကရင်တိုင်းရင်းသားအများစု နေထိုင်တဲ့ ရွာပေါင်း ၁၅ ရွာဟာ ကိုယ်ထူကိုယ်ထစနစ်နဲ့ ရွာအဝင်လမ်းကို ဆူးချွန်တွေနဲ့ ပိတ်ဆို့ထားတယ်လို့  မတ် ၂၆ ရက်ထုတ် ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။ အဆိုပါကျေးရွာတွေဟာ မယ်ဟောင်ဆောင်ခရိုင် မဲ့စရီးယန်း၊ မဲ့လားနွဲ့နဲ့ ဆုပ်မွေးမြို့နယ်တွေမှာ တည်ရှိပြီး ရွာအဝင်လမ်းတွေမှာ ဝါးချွန်တွေနဲ့ ပိတ်ဆို့ထားသလို  အပြင်လူ မဝင်ရ- အတွင်းလူ မထွက်ရ တားမြစ်ချက်ကို ဆန့်ကျင်ပြီး ဝင်ရောက်လာရင် ဒဏ်ငွေ ဘတ် ၂ သောင်း၊ ၃ သောင်း စသဖြင့် ချမှတ်မယ့်အကြောင်း ဆိုင်းဘုတ်တွေပါ ချိတ်ဆွဲထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ် ။ ဒါ့အပြင် ကျေးရွာလုံခြုံရေးအတွက် ရွာသားတွေ အလှည့်ကျစနစ်နဲ့ ၂၄ နာရီ ကင်းစောင့်နေကြတယ်လို့ ဆိုပါတယ်။ သူတို့ရွာမှာ ဘန်ကောက်နဲ့ ထိုင်းနိုင်ငံ အခြားခရိုင်တွေမှာ အလုပ်သွားလုပ်သူတွေရှိလို့ ပြန်လာရင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ ကူးလာမှာ စိုးရိမ်တဲ့အတွက် အခုလို ဝင်ခွင့်ပိတ်ဆို့ထားတာ ဟွေ့နောင်ဝိုင်ရွာ  ဒုကျေးရွာအုပ်ချုပ်ရေးမှူးက ချင်းမိုင်နယူးစ် သတင်းထောက်ကို ပြောပါတယ်။ ရွာကိုပိတ်တဲ့အခါ ကရင့်ရိုးရာဓလေ့ထုံးစံနဲ့အညီ ကျေးရွာဘေးကင်းရေး အခမ်းအနားပါ တွဲလုပ်ခဲ့ကြောင်း၊ သူတို့ဆီမှာ ဒေသထဲ ဘေးအန္တရာယ်နဲ့ ကြုံတွေ့ရမယ့် အနေအထားရောက်ရင် နတ်တွေ ပင့်ဖိတ်ပြီး မကောင်းသောအရာတွေ မောင်းထုတ်ကာ ဘေးအန္တရာယ်ကင်းရေး ဆုတောင်းပွဲပါ လုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။ အလားတူ ထိုင်းမြောက်ပိုင်း လမ်းဖွန်းခရိုင်က ကရင်ကျေးရွာ ၄ ရွာမှာလည်း အပြင်လူ အထဲ မဝင်ရ-အထဲလူ အပြင်မထွက်ရ ဆိုတဲ့ ဆိုင်းဘုတ်တွေထောင်ပြီး ရွာအဝင်လမ်းတွေ ပိတ်ထားကြတယ်လို့  ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ မယ့်ထားမြို့နယ် ထာမဲ့လွပ် ကျေးရွာအုပ်စု ဟွေ့ဟောင့်နောက်၊ ဟွေ့ဟောင့်နိုင်းနဲ့ ဟွေ့ဟိယ စတဲ့ ကျေးရွာတွေမှာ ရွာအဝင်လမ်းတွေ ပိတ်ဆို့ထားတာကို တွေ့ခဲ့ရတာလို့  မြို့နယ်ရုံး တာဝန်ရှိသူမှ သတင်းထောက်ကို ပြောပါတယ်။ အဆိုပါကျေးရွာတွေဟာ ကရင်တိုင်းရင်းသားအများစုနေထိုင်ပြီး ၃ ရွာပေါင်း အိမ်ထောင်စု ၆၀၀ ကျော်နဲ့ လူဦးရေ ၂ ထောင်ကျော်ရှိတယ်လို့ ဆိုပါတယ်။ ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင် အုန်းဖျန်မြို့နယ်ထဲမှာတော့ ဘန်ကောက်လို မြို့ကြီးတွေမှာ အလုပ်သွားလုပ်ပြီး ပြန်လာတဲ့ ရွာသားတချို့ဟာ ၁၄ ရက် အိမ်ပြင်မထွက်ဘဲ မိမိကိုယ်မိမိစောင့်ကြည့်ရမယ်လို့ ကြေညာထားတဲ့အချက်ကို လိုက်မနာဘဲ ဆန့်ကျင်သူတွေရှိနေတယ်လို့ ကျေးလက်ကျန်းမာရေးဌာန တာဝန်ရှိသူတဦးရဲံအပြောကို ကိုးကားပြီး AEC အာဆီယံ သတင်းမှာ ဖော်ပြပါတယ်။ အထူးသဖြင့် မယ့်ကျန်ကျေးရွာအုပ်စုထဲမှာ မတ် ၂၆ ရက်နေ့ထိ ဘန်ကောက်နဲ့ ထိုင်းနိုင်ငံအ တွင်းပိုင်းဘက်ကနေ ပြန်လာသူတွေ ၁၉၃ ဦးရှိပြီး နောက်ထပ် ၁၀၀ ကျော်၊ ၂၀၀ နီးပါး ပြန်လာဖို့ ရှိသေးတာကြောင့် ၁၄ ရက် ချုပ်ထိန်းစောင့်ကြည့်ရမယ့်အချက်ကို မလိုက်မနာပါက ဖမ်းဆီးပြီး ညအချိန် ရွာအပြင် သင်္ချိုင်းကုန်း အလောင်းမီးရှို့တဲ့ နေရာမှာ သွားအိပ်ခိုင်းမယ်ဆိုပြီး တာဝန်ရှိသူတွေက ခြိမ်းခြောက်ထားတဲ့အကြောင်း  ကျေးလက်ကျန်းမာရေး တာဝန်ခံ ၁ ဦးက အာဆီယံသတင်းထောက်ကို ပြောသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up