ကုန်ပစ္စည်း ဈေးနှုန်းတင်ရောင်းချမှု ၂ ရက်အတွင်း တိုင်ကြားစာပေါင်း ၂၀ကျော်ရရှိ
DVB
·
March 26, 2020
COVID-19 ရောဂါ ကူးစက်ပြန့်ပွားနေတဲ့ကာလအတွင်း ကုန်ပစ္စည်းဈေးနှုန်းတွေ အဆမတန် စျေးတင်ရောင်းချနေတာနဲ့ပတ်သက်ပြီး စားသုံးသူရေးရာဦးစီးဌာနကိုတိုင်ကြားမှုပေါင်း ၂ရက်အတွင်း ၂၀ ကျော်ရှိတယ်လို့ သိရပါတယ်။
ဒီလိုတိုင်ကြားလာမှုတွေအပေါ်မှာ စောင့်ကြည့်နေပြီးတော့ အရေးယူဆောင်ရွက်ဖို့လိုရင် အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်ခံယူပြီးဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဌာနတာဝန်ရှိ သူကဆိုပါတယ်။ လက်ရှိမှတော့ စားသုံးသူတွေဆီက ရောက်ရှိလာတဲ့ ဒီတိုင်ကြားမှုတွေကို နိုင်ငံတော်သမ္မတရုံးကို တင်ပြသွားဖို့စီစဉ်နေတယ်လို့သိရပါတယ်။
စားသုံးသူပြည်သူတွေက ဌာနကိုတိုင်ကြားလာမှုတွေထဲမှာ COVID-19ရောဂါကာကွယ်ရာ မှာအသုံးပြုတဲ့ တခါသုံး Face Mask နှာခေါင်းစည်းတွေ၊ လက်သန့်ဆေးတွေကို အဆမတန် စျေးတင်ရောင်းချမှုနဲ့ ပက်သက်ပြီး တိုင်ကြားမှုက အများဆုံးဖြစ်ပါတယ်။
အဓိကစားသောက်ကုန်ဖြစ်တဲ့ ဆန်စျေးတင်ရောင်းချမှုကိုလည်း တိုင်ကြားလာမှု ရှိခဲ့တယ်လို့ဆိုပါတယ်။
သတင်း- စိုးချစ်ပိုင်