မုံရွာညစျေးတန်းကို ရက်အကန့်အသတ်မရှိ ပိတ်သိမ်း
Aung Ko Latt
·
March 26, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ညစျေးတန်းကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက် ပျံ့နှံ့လာနိုင်တာကြောင့် အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ မတ်လ ၂၅ ရက် ညနေပိုင်းကစတင်ကာ ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ပြီဖြစ်ပါတယ်။
အခုလိုပိတ်လိုက်တဲ့ အပေါ်မှာတော့ ကြိုတင်သဘောထားရယူပြီး အကြောင်းကြားတာ မရှိခဲ့တဲ့အတွက် စျေးသည်တွေကတော့ မကျေမနပ်ဖြစ်နေကြပါတယ်။
စျေးတန်းမှာ ပင်လယ်စာရောင်းချနေသူ စျေးသည်တစ်ဦးက "ကြိုလည်း အကြောင်းမကြားဘူး။ ပစ္စည်းတောင် အထားမခံဘူး။ အကုန်သယ်ဆိုပြီး လုပ်တယ်။ ကျမတို့ကျတော့ ပိတ်ခိုင်းတယ်။ ကျန်တဲ့ ပျံကျရောင်းနေတာတွေ၊ စျေးတွေကျတော့ မပိတ်ဘူး။ ကျမတို့ကလည်း ဒါနဲ့ပဲ စားဝတ်နေရေးဖြေရှင်းနေကြရတာ။ သူများတိုင်းတွေလို ပါဆယ်ပဲ ရောင်းရမယ်ဆိုရင်လည်း အဆင်ပြေတယ်။ အခုက အဲလိုလည်း မဟုတ်ဘူး။ လုံးဝ ဖွင့်ခွင့်မပေးတော့ ဘယ်လိုလုပ်ကြမလဲ။"လို့ ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနဲ့ပတ်သက်လို့ တိုင်းအစိုးရအဖွဲ့ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ တိုင်းအတွင်း အဝင်အထွက်တွေ စောင့်ကြည့်စစ်ဆေးရေး၊ ကားဂိတ်၊ ရထားဂိတ်၊ ရေယာဉ်ဂိတ်၊ လေဆိပ်၊ တံတားတွေမှာ စနစ်တကျ အဖွဲ့ဖွဲ့ပြီး ရောဂါရှာဖွေစစ်ဆေးရေး၊ နိုင်ငံခြားပြန်လာသူတွေကို စောင့်ကြည့်ကြပ်မတ်ရေး၊ ကိုယ်အပူရှိန်မြင့်သူ တွေ တွေ့ရှိရင် ဆေးရုံကို အမြန်ဆုံးပို့ဆောင် စောင့်ကြည့်ရေး၊ အရေးပေါ်ကျန်းမာရေးပစ္စည်းတွေ ဝယ်ယူခွဲဝေပေးရေး စတာတွေအပြင် ညစျေးတန်း ပိတ်ထားရေးတွေလည်း ပါဝင်ပါတယ်။
ညစျေးတန်းပိတ်ရတာနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က "ညစျေးတန်းက ညနေပိုင်း အပျော်အပါးအတွက် စျေးဝယ်လမ်းလျှောက်နိုင်အောင် အချိန်ပိုင်းဖွင့်ပေးထားတာပါ။ သာမန်စျေးတွေက ပိတ်လို့ မဖြစ်ဘူး။ ဘာလို့လဲဆိုတော့ ပြည်သူတွေ အားလုံးရဲ့စားဝတ်နေရေးအခက်အခဲဖြစ်မှာ စိုးရတယ်။ ညစျေးတန်းက စျေးသည်တွေအနေနဲ့လည်း ကိုယ့်ဖောက်သည်ကိုယ်ရှာပြီး အွန်လိုင်းရှော့ပင်းပုံစံမျိုးနဲ့ ပါဆယ်ထုပ်နဲ့ ရောင်းလို့ ရပါတယ်။ ဒီနေရာမှာ စုဝေးပြီး လာမရောင်းရတာတစ်ခုပါပဲ။"လို့ ပြောပါတယ်။
ညစျေးတန်းကို ဘယ်အချိန်ထိ ပိတ်ထားမယ်ဆိုတာတော့ မသိရသေးပေမယ့် ရောဂါ အခြေအနေပေါ်ပဲ မူတည်မယ်လို့ ဆိုပါတယ်။
မုံရွာမြို့က ကိုရိုနာကာကွယ်ထိန်းချုပ်ရေးအခြေအနေတွေကို စည်ပင်ဝန်ကြီးက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
လတ်တလောမှာတော့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ကိုရိုနာဗိုင်းရပ်စ် မတွေ့ရသေးပေမယ့် မြန်မာနိုင်ငံမှာတော့ ၃ ဦးရှိပြီဖြစ်ပါတယ်။