လှိုင်သာယာတွင် လူထုအတွက် အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေးမည်
DVB
·
March 26, 2020
COVID-19ဗိုင်းရပ်စ်ရောဂါ ကပ်ဘေးကြုံနေရချိန်မှာ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် အတွင်းက ပြည်သူတွေအတွက် ကုန်သည်ကြီးတွေနဲ့ ပူးပေါင်းပြီးတော့ အခြေခံစားသောက်ကုန်တွေ ကို သက်သာတဲ့နှုန်းထားနဲ့ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
ကုန်သည်စက်မှုအသင်းချုပ်ရဲ့ ညီနောင်အသင်းတွေဖြစ်တဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်း တို့က လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီနဲ့ ပူးပေါင်းပြီး ရောင်းချပေးသွားမှာပါ။
ဒီကနေ့ညနေပိုင်းကစပြီး လှိုင်သာယာမြို့နယ်အတွင်းက ပြည်သူတွေ အတွက် လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီရုံးရှေ့မှာ စတင်ရောင်းချ ပေးမှာပါ။
နောက်လာမယ့်ရက်တွေမှာလည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီး အခြားစက်မှုဇုန်တွေရှိရာ မြို့နယ်တွေမှာဆက်ပြီး လှည့်လည်ရောင်းချပေးသွားမယ်လို့ ကုန်သည်စက်မှုအသင်းချုပ်က မတ်လ ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဒီလိုလုပ်ဆောင်ရတာဟာ လတ်တလော COVID-19 ကပ်ရောဂါအရေးကြောင့် အခြေခံ စားသောက်ကုန်တွေ စျေးကွက်အတွင်းမှာ ပြတ်လပ်သွားတာ၊ စျေးနှုန်းကြီးမြင့်တာတွေ မရှိစေဖို့ စျေးကွက်ထိန်းညှိတဲ့ အနေနဲ့ ရောင်းချပေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဒေသတွင်းဖွင့်လှစ်ရောင်းချနေတဲ့ အိမ်ဆိုင်တွေ၊ လက်လီ၊ လက်ကားလုပ်ငန်းတွေ ကိုတော့ ထိခိုက်မှုမရှိအောင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ကုန်သည်စက်မှုအသင်းချုပ်က ထုတ်ပြန်ထားပါတယ်။
စိုးချစ်ပိုင်