Home
မြန်မာသတင်း
COVID -19 ကပ်ဘေးကြုံနေစဉ် တနိုင်ငံလုံးအပစ်ရပ်ကြေညာရန် ကေအန်ယူ တောင်းဆို
နော်နိုရင်း
·
March 26, 2020
ကမ္ဘာ့ကပ်ရောဂါ CONVID-19 ဗိုင်းရပ်စ်တိုက်ဖျက်ရေးမှာ အတူတကွပါဝင်ဖို့  မြန်မာအစိုးရ နဲ့ တပ်မတော်အနေနဲ့ ကြိုတင်ကန့်သတ်ချက်မထားတဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ကြေညာဖို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)က တိုက်တွန်းတောင်းဆို လိုက်ပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့် အကာအကွယ်မဲ့ဘဝအခြေအနေတွေမှာရှိနေတဲ့ ပြည်တွင်းနေ ရပ်စွန့်ခွာသူတွေနဲ့ သူတို့ကို အထူးတာဝန်ယူနေတဲ့အဖွဲ့အစည်းတွေလည်း ဗိုင်းရပ်စ်ပိုးကာကွယ်ရေးနဲ့ တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ပါဝင်လာနိုင်မှာဖြစ်ကြောင်း ထောက်ပြထားပါတယ်။ ဒါ့အပြင် ဘယ်သူ့ကိုမှ ချပ်လှပ်မထားဘဲ အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်ပေါ်စေပြီး  မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ကြီးစွာအထောက်အကူပြုနိုင်မှုကို ဆောင်ကျဉ်းပေးနိုင်မှာဖြစ်တယ်လည်း ထုတ်ပြန်ပြောဆိုလိုက်တာပါ။  ကိုရိုနာဗိုင်းရပ်စ် CONVID -19  ကူးစက်ရောဂါနဲ့ပတ်သက်လို့ ဒီကနေ့ မတ်လ ၂၆ နေ့ ထုတ်ပြန်ချက်မှာအခုလို ထည့်သွင်းတောင်းဆိုလိုက်တာဖြစ်ပြီး ကေအန်ယူအနေနဲ့ ကပ်ရောဂါ ကာကွယ်မှုကို အမျိုးသားလုံခြုံရေးအဖြစ်သတ်မှတ်ပြီး ဦးစားပေးအဆင့် လုပ်ဆောင်နေကြောင်းလည်း ထုတ်ပြန်ထားပါတယ်။ အထူးသဖြင့် အကာအကွယ်မဲ့ဘဝအတွင်းနေထိုင်နေတဲ့ တိုင်းရင်းသားပြည်သူတွေနဲ့ ဌာနေတိုင်းရင်းသားတွေကို အထူးဂရုပြီး ဦးတည်ဆောင်ရွက်မှာဖြစ်ကြောင်းလည်း ဖော်ပြပါတယ်။ ကေအန်ယူအနေနဲ့ CONVID -19 နဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) လမ်းညွန်ချက်အတိုင်း သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်၊ တပ်မဟာ၊ တပ်ရင်း၊ တပ်ခွဲ တွေအဆင့်ထိ ထုတ်ပြန်ထားပြီးဖြစ်ကြောင်းလည်း ပါရှိပါတယ်။ ဒါ့အပြင် လူထုအတွင်း ဗိုင်းရပ်စ်ကူးစက်မှုကို ထိရောက်စွာတားမြစ်ကာကွယ် လုပ်ဆောင်ရွက်ရာမှာ ကေအန်ယူနဲ့သက်ဆိုင်တဲ့ အပစ်ရပ်ဒေသတွေက  ပြည်သူတွေနဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ ကျန်းမာရေးဆိုင်ရာ ပညာပေးရေးနဲ့ ကာကွယ်ရေးလုပ်ငန်းတွေကို အန်စီအေစာချုပ်နဲ့အညီ ကေအန်ယူကျန်းမာရေးဌာနနဲ့   ညှိနှိုင်းဆောင်ရွက်ဖို့လည်း အစိုးရကို တိုက်တွန်းထားပါတယ်။ ကမ္ဘာ့နိုင်ငံ အားလုံးနီးပါးမှာ ပျံ့နှံ့ဖြစ်ပွားနေတဲ့ COVID-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ထိန်းချုပ်ကာကွယ်ဖို့နဲ့ နိုင်ငံသားတွေ အသက်သေဆုံးမှု နည်းနိုင်သမျှနည်းအောင် နိုင်ငံ အသီးသီးမှာအစိုးရတွေက အစွမ်းကုန်ကြိုးပမ်းအားထုတ်နေကြချိန်မှာ မြန်မာနိုင်ငံမှာတော့ စစ်ပွဲတွေမရပ်စဲသေးပဲ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်နေကြတာပါ။   ကမ္ဘာ့ရောဂါကပ်ဘေးလို့ ကြေညာထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို တိုက်ဖျက်ရေး အာရုံစိုက်နိုင်စေဖို့ တကမ္ဘာလုံးမှာ အပစ်အခတ် ရပ်စဲပေးထားကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရပ်စ်ကလည်း မတ်လ ၂၃ ရက်က ဆော်သြတိုက်တွန်းထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024