Home
မြန်မာသတင်း
တောင်သူများ စပါးဈေးကောင်းရရေး အာမခံပေးရန် တောင်းဆို
ရွှေအောင်
·
March 26, 2013
တောင်သူလယ်သမားတွေ အခြေခံစပါးဈေးကောင်းရဖို့နဲ့ ဈေးနှုန်း အာမခံချက် ပေးဖို့ မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းက ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက် ပါတယ်။ နိုင်ငံတော် အရန်ဆန်ထားရှိရေး ကြီးကြပ်မှုကော်မတီက ဧပြီလ ၁ ရက်ကစပြီး ၀ယ်ယူမယ့် စပါးဈေးဟာ နည်းပြီး ၀ယ်မယ့်ပမာဏလည်း နည်းတာကြောင့် အခုလို ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာလို့ အသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောပါတယ်။ [caption id="attachment_37842" align="alignleft" width="300" caption="(Photo_ Reuters)"][/caption] တောင်သူလယ်သမားများအတွက် အခြေခံစပါး ဈေးနှုန်းရရှိရေး ဆောင်ရွက်နိုင်ဖို့ နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုလွှတ်တော်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF)၊ မြန်မာနိုင်ငံတောင်သူလယ်သမား အသင်း (MFA) တို့ပါဝင်တဲ့ ဆွေးနွေးပွဲတရပ်ပြုလုပ်ပြီး အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့လည်း ကြေညာချက်မှာ တိုက်တွန်းဖော်ပြထားပါတယ်။ အစိုးရအနေနဲ့ တောင်သူလယ်သမားတွေအတွက် စပါးဈေးနှုန်း အာမခံချက်ပေးဖို့ လိုအပ်ပုံကိုလည်း ဒေါက်တာစိုးထွန်းက ခုလို ပြောပါတယ်။ “ဥပမာ ထိုင်းနိုင်ငံဆိုရင် သူတို့ရဲ့ ၀င်ငွေဆိုရင် ထုတ်လုပ်မှုကုန်ကျစရိတ်နဲ့ တွက်ပြီး ၂၀၀ ရာခိုင်နှုန်းရှိရမယ်။ ဗီယက်နမ်နိုင်ငံမှာဆိုရင် ၃၀ ရာခိုင်နှုန်းရှိရမယ်။ ကျနော်တို့ဆီမှာလည်း အဲလို သတ်မှတ်ပေးဖို့ လိုတယ်။ တိတိကျကျ ဘယ်လောက်ပေါ့။ ဒါမှ လယ်သမားက လယ်စိုက်မှာပေါ့။ မဟုတ်ရင် ရှုံးနိုင်တယ်ဆိုတဲ့အခါ လယ်သမားကလည်း မစိုက်ဘဲ လယ်ကိုရောင်းစားလာတယ်။ လက်ရှိဥပဒေထွက်လာတာမှာ ရောင်းစား၊ ပေါင်နှံခွင့်၊ လွှဲပြောင်းခွင့်ရှိလာတဲ့အခါ လယ်သမားက လယ်ရောင်းပြီး မြို့တက်အလုပ်လုပ်မယ်။ နိုင်ငံခြားသွား အလုပ်လုပ်မယ်။ နောင်ပိုင်းကျရင် လယ်သမားဆိုတာ ရှားသွားရင် ဆန်တောင် ပြန်တင်သွင်းရမယ့် အခြေအနေဖြစ်လာမယ်။ ဒါကိုသာ အချိန်မီမလုပ်ဘူးဆိုရင်လေ။” အရန်ဆန်ဝယ်ယူရေးကော်မတီဟာ ဧပြီလ ၁ ရက်ကစပြီး စပါးတင်း ၁၀၀ ကို ကျပ် ၃ သိန်းခွဲဈေးနဲ့ ဆန်တန်ချိန် ၅ သောင်းကနေ ၁ သိန်းထိ ၀ယ်ယူပေးသွားမယ်လို့ ကြေညာထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024