Live
Home
မြန်မာသတင်း
တိုက်ပွဲကြောင့်ဒဏ်ရာရအရပ်သားများအား ICRC ကိုကူညီခွင့်ပြုရန်  ရခိုင်လွှတ်တော်အဆိုတင် 
ဝဏ္ဏခွာညို
·
March 25, 2020
တိုက်ပွဲကြောင့်ဒဏ်ရာရ အရပ်သားတွေကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) နဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ အတားအဆီးမရှိ လုပ်ဆောင်ခွင့်ပေးဖို့ ပြည်နယ်အစိုးရကို တိုက်တွန်းတဲ့အဆိုတရပ် ရခိုင်ပြည်နယ်လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။  လက်နက်ကိုင်ပဋိပက္ခတွေကြောင့်တိုက်ပွဲနဲ့ ပါဝင်ပတ်သက်ခြင်းမရှိတဲ့ ဒဏ်ရာရအရပ်သား ပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို အတားအဆီးမရှိ လွတ်လပ်စွာသွားလာလုပ်ဆောင်ခွင့်ပြုဖို့အဆိုတရပ်တင်သွင်းခဲ့တာပါ။ ဒီအဆိုကို မြောက်ဦးမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကမတ် ၂၄ ရက်နေ့ ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာတင်သွင်းလိုက်တာပါ။ အဆိုရှင်က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဟာ ဘက်လိုက်မှုကင်းပြီး ခွဲခြားမှုမရှိဘဲလွတ်လပ်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်း တခုဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက လုပ်ငန်းတာဝန်ပေးအပ်ထားတဲ့ အဖွဲ့အစည်းတခု ဖြစ်တယ်လို့ဆိုပါတယ်။ ဦးထွန်းသာစိန်တင်သွင်းတဲ့ အဲ့ဒီဆိုကို ဘူးသီးတောင်မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းထောက်က ထောက်ခံဆွေးနွေးခဲ့ပါတယ်။  ဦးထွန်းသာစိန်တင်သွင်းတဲ့ အဲ့ဒီအဆိုကို လွှတ်တော်ရဲ့သဘောထားကို ရယူရာမှာ သဘောမတူသူ မရှိတဲ့အတွက် အဆိုကို ဆက်လက်ဆွေးနွေးဖို့ လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါတယ်။ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေ တိုက်ပွဲကာလအတွင်း အရပ်သား ၂၃၀ ကျော်သေဆုံးခဲ့မှုကိုမိသားစုတွေနဲ့ ထပ်တူဝမ်းနည်းကြောင်း အဆိုကိုလည်း မတ်လ ၂၄ ရက်က လွှတ်တော်မှာတင်သွင်းခဲ့ပြီး လွှတ်တော်သဘေားထားကိုရယူကာ လွှတ်တော်မှာ မှတ်တမ်းတင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့ပါတယ်။  လက်ရှိမှာတော့ ရခိုင်ပြည်နယ်လွှတ်တော်ကို COVID 19 ကြောင့် ခေတ္တရပ်နားထားပြီး ပြန်လည်ကျင်းပမယ့်ရက်ကို ကြေညာမှာဖြစ်ပါတယ်။ 

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024