Live
Home
မြန်မာသတင်း
ခရီးသွားလုပ်ငန်းများ လုံးဝရပ်နားသွားတော့မည့် အခြေအနေရှိနေ 
သူဇာလင်း
·
March 25, 2020
ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် အခုမတ်လကုန်မှာ ခရီးသွားလုပ်ငန်းတွေ လုံးဝ ရပ်နားသွားတော့မယ့် အခြေအနေကို ရောက်သွားပြီလို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောပါတယ်။  ကမ္ဘာတဝန်းမှာ ပျံ့နှံ့ဖြစ်ပွားနေတဲ့ COVID-19 ကိုရိုနာဗိုင်းရပ်ရောဂါ ဖြစ်ပွားမှုကို ထိမ်းချုပ်နိုင်ဖို့အတွက် မြန်မာနိုင်ငံမှာ သင်္ကြန်ပွဲတော်အပါအဝင်၊ လူစုလူဝေးနဲ့ကျင်းပတဲ့   ပွဲလမ်းသဘင်အခမ်းအနားတွေ မကျင်းပဖို့နဲ့ အပန်းဖြေကမ်းခြေတွေပါ ပိတ်သိမ်းဖို့ကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးကလည်း ခရီးသွားလာမှုတွေကို ကန့်သတ်ပိတ်ပင်တာ၊  ဗီဇာစည်းကမ်း တင်းကျပ်တာတွေရှိနေသလို မြန်မာနိုင်ငံမှာလည်း နိုင်ငံတွင်း ဝင်ရောက်လာမယ့် နိုင်ငံခြားသားတွေအားလုံး COVID-19 ရောဂါ ကင်းရှင်းကြောင်း ဓာတ်ခွဲခန်းဆေးစစ်ချက် အထောက်အထားပါမှ ဝင်ခွင့်ပြုမယ်လို့   နိုင်ငံခြားဌာနက ထုတ်ပြန်ထားပါတယ်။  ဒါ့အပြင်  ပြည်ပကနေ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာမယ့်သူတွေကို  ၁၄ ရက်ကြာ အသွားအလာ ကန့်သတ်နေထိုင်ဖို့ ထုတ်ပြန်ခဲ့တာကြောင့် ခရီးသွားလုပ်ငန်း ပိုမိုကျဆင်းသွားတာ ဖြစ်ပြီး အခုလကုန်မှာတော့ လုံးဝမရှိသလောက် ရပ်နားသွားလိမ့်မယ်လို့ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဋ္ဌက သုံးသပ်ပြောလိုက်တာပါ။ ပိတ်သိမ်းမယ့်အထဲမှာ လူစုလူဝေးများတဲ့ ချောင်းသာကမ်းခြေ၊ ရွှေသောင်ယံကမ်းခြေနဲ့ ငွေဆောင်ကမ်းခြေတို့လည်း ပါဝင်ပြီး ဒီကမ်းခြေတွေကို ဧပြီ ၃၀ ရက်အထိ ခရီးသွား လာရောက်လည်ပတ်ခွင့်ရပ်နားဖို့ကို ဧရာဝတီတိုင်းဒေသကြီးအစိုးရက ညွှန်ကြားထားပါတယ်။  ချောင်းသာကမ်းခြေကိုတော့ နှစ်စဉ်လာရောက်လည်ပတ် အပန်းဖြေတဲ့ ခရီးသွားဧည့်သည် အယောက် ၅ သိန်း ကျော်ရှိတယ်လို့ ဟိုတယ်နဲ့ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန၊ ချောင်းသာရုံးခွဲက ဦးစီးအရာရှိ ဦးနိုင်အောင်က ပြောပါတယ်။  ကိုရိုနာဗိုင်းရပ်ရစ်ရောဂါကို  ကြိုတင်ကာကွယ်နိုင်ဖို့အတွက် မတ်လ ၂၄ ရက်နေ့အထိ ခရီးသွားဧည့်သည်တွေ နောက်ဆုံးထားပြီး လည်ပတ်ဖို့ ညွှန်ကြားထားခဲ့ပေမယ့်လည်း  ခရီးသည်တွေ အနှောင့်အယှက်မဖြစ်အောင် မတ်လ ၂၅ နေ့လယ် ၁၂ နာရီ အထိ နောက်ဆုံးထား လည်ပတ်ဖို့ အသိပေးထာတယ်လို့ ချောင်းသာ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းက ပြောပါတယ်။  လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ အခြေအနေအကြောင့် လေကြောင်းလိုင်းတချို့နဲ့  ခရီးသွားလုပ်ငန်းနဲ့ သက်ဆိုင်တဲ့လုပ်ငန်းတွေလည်း ရပ်နားထားခဲ့ရပါတယ်။ ဒီကနေ့ မတ်လ ၂၅ ရက် မွန်းလွဲ ၁ နာရီလောက်အထိ ကမ္ဘာတဝန်းမှာ COVID-19 ဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရသူ ၄၂၃,၁၄၂ ဦးရှိပြီး သေဆုံးသူ ၁၈၉၀၆ ဦး ပြန်ကောင်းလာသူ ၁၀၉, ၁၄၅ ဦးရှိတယ်လို့ Worldometers ဝက်ဆိုက်မှာ ဖော်ပြပါတယ်။  မြန်မာနိုင်ငံမှာလည်း ဒီနေ့အထိ COVID-19 ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာ ၃ ယောက်ရှိလာပြီ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024