Home
မြန်မာသတင်း
ပြည်သူများ ရိက္ခာနှင့်ဆေး ပြတ်လပ်မည်ကို မစိုးရိမ်ကြရန် အတိုင်ပင်ခံပြော
DVB
·
March 24, 2020
COVID-19 ကြောင့် ပြည်သူတွေ ရိက္ခာတွေ၊ ဆေးတွေ ပြတ်လပ်မှာ မစိုးရိမ်ကြဖို့နဲ့ လူအုပ်ထဲတိုးပြီး ရိက္ခာတွေ သွားဝယ်တာက ရောဂါပိုတိုးနိုင်မယ့် အလားအလာ ပိုများတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံပိုင်မီဒီယာကနေ ဒီနေ့ညမှာ ပြောကြားလိုက်ပါတယ်။ “COVID-19 ကူးစက်ခံရသူ နှစ်ဦးတွေ့တယ်လို့ သတင်းထွက်ပြီးတာနဲ့တပြိုင်နက် ရိက္ခာတွေ၊ ဆေးတွေ အလုအယက် ထွက်ဝယ်သူတွေလည်း ရှိပါတယ်။ ရိက္ခာပြတ်နိုင်တဲ့ အလားအလား မရှိပါဘူး။ လူအုပ်ထဲ သွားတိုးဝယ်လို့ ရောဂါတိုးမယ့် အလားအလာ များပါတယ်။ မပြန့်ပွားဖို့အတွက် ပြည်သူတွေ အဓိကပါ။ ပြည်သူတွေရဲ့ စိတ်တည်ငြိမ်မှု အင်အားကသာအဓိကဖြစ်ပါတယ်။ အစိုးရအနေနဲ့ အများပြည်သူအတွက် မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ၊ ဈေးတွေနဲ့ အရောင်းအဝယ်စင်တာတွေ ပိတ်သိမ်းဖို့ အစီအစဉ်မရှိတာကို အသိပေးပြောလိုပါတယ်။” ဈေးဝယ်ရာမှာလည်း မိသားစုအလိုက် အစုအဖွဲ့လိုက်မသွားဘဲ တဦးတည်းသာ အမှန်တကယ်လိုအပ်တဲ့ပမာဏကို သွားရောက်ဝယ်ယူကြဖို့လည်း အတိုင်ပင်ခံက တိုက်တွန်းလိုက်ပါတယ်။ လုပ်ငန်းတွေ၊ စက်ရုံတွေ အလုပ်ရုံတွေနဲ့ မြို့ရွာတွေ အဝင်အထွက်တွေ ပိတ်မယ်ဆိုတဲ့  မဟုတ်မမှန်သတင်းတွေ ပျံ့နှံ့နေတာတွေကိုလည်း ပြည်သူတွေအနေနဲ့ အထိတ်တလန့်မဖြစ်ကြဖို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ COVID- 19 ဗိုင်းရပ်စ်ရောဂါပိုး ပထမဆုံး ၂ ဦး တွေ့ရှိကြောင်း ကျန်းမာရေးဌာနက ကြေညာပြီးနောက် ပြည်သူတွေအကြား စိုးရိမ်နေကြပြီး ဈေးတွေ၊ ကုန်တိုက်တွေနဲ့ စူပါမားကတ်တွေမှာ ကုန်ပစ္စည်းတွေ အလုအယက် ဝယ်ယူနေကြတာပါ။ မြန်မာနိုင်ငံမှာ မတ် ၂၃ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ ၂ ဦးနဲ့ စောင့်ကြည့်လူနာ စုစုပေါင်း ၂၁၂ ရှိပြီး ရောဂါပိုးမရှိသူ ၂၁၀ ဦး ရှိပြီး ရောဂါပိုးတွေ့သူ ၂ ဦးရှိကြောင်း ကျန်းမာရေးဌာနက မနေ့ညမှာ အတည်ပြုလိုက်တာပါ။ စောင့်ကြည့်နေစဉ် တခြားရောဂါများနဲ့ သေဆုံးသူ ၁၃ ယောက်ရှိခဲ့သလို ဆေးရုံဆင်းခွင့်ပြုသူ ၁၂၇ ယောက် ရှိထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့ည ၉ နာရီခွဲအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၉၆၂၀၀ ဦး၊ သေဆုံးသူ ၁၇၂၅၀ ဦးနဲ့ သက်သာပျောက်ကင်းသူ ၁၀၃၇၄၈ ဦးရှိတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024