Home
မြန်မာသတင်း
ပြည်ပက ပြန်လာသူများကို ပညာပေးလုပ်ငန်း ပိုမိုလုပ်ဆောင်ရန် လွှတ်တော်ကော်မတီ တိုက်တွန်း
နေဖြိုးဝင်း
·
March 24, 2020
ပြည်ပနိုင်ငံတွေကနေ ပြန်လာတဲ့သူတွေ နေအိမ်မှာနေထိုင်ပြီး အသွားအလာ ကန့်သတ် စောင့်ကြပ်ကြည့်ရှု (Quarantine) လုပ်တာကို လက်ခံလာနိုင်အောင် ပညာပေးလုပ်ငန်းတွေ ပိုမိုဆောင်ရွက်သင့်တယ်လို့ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်းက ပြောပါတယ်။ “ပြည်ပက ပြန်လာတယ်ဆိုတာမှာ အထူးသဖြင့်တော့ ကျေးလက်တွေမှာ သတင်းတွေ ကြားတယ်။ တုတ်တပြတ် ဓားတပြတ် ဖြစ်တာတို့ ရှိတယ်။ သူတို့က နဂိုကတည်းက အသိဉာဏ်နည်းပါးတာ ဖြစ်တဲ့အတွက် အရေးယူမယ်ဆိုရင်တော့ မှတ်မိသလောက်ပြောရရင် ဥပဒေအရ ထောင် ၆ လ ချလို့ရတယ်။ ဒဏ်ငွေ ၅၀၀၀၀ ရိုက်လို့ရတယ်။ နှစ်ခုစလုံး လုပ်လို့ရတယ်။ ဒါပေမဲ့ ဒါတွေကို လက်ရှိအခြေအနေမှာတော့ လောလောဆယ် မလုပ်သင့်သေးဘူး။ ပညာပေးလုပ်ငန်းတွေကို သက်ဆိုင်ရာမြို့နယ်၊ တိုင်း၊ ခရိုင် စသဖြင့် အဆင့်ဆင့်မှာ ပညာပေးလုပ်ငန်းတွေ အများကြီး ဆောင်ရွက်ဖို့ လိုတယ်။ အခုဟာ ပညာ ပေးလုပ်ငန်းတွေ နည်းနည်းလေးတော့ အားနည်းနေသေးတယ်လို့ မြင်ပါတယ် ”လို့ ဆိုပါတယ်။ ပြန်လာသူတွေအနေနဲ့လည်း Quarantine လုပ်တာကို လက်မခံရင် မိသားစုဝင်တွေပဲ အရင်ဆုံး ဒုက္ခရောက်မှာဖြစ်တယ် လို့လည်း ပြောပါတယ်။ “ပထမဆုံး သူတို့ ပြန်လာတယ် ဘယ်သူက အရင်ဆုံးဖြစ်မယ်ထင်လည်း သူ့မိသားစု အရင်ဆုံးဖြစ်မှာ၊ အဲဒါကို နားမလည်ဘဲနဲ့ အတင်းကလန်ကဆန် လုပ်နေတယ်ဆိုရင်တော့ ပိုပြီးတော့ ဒုက္ခရောက်မှာပေါ့ ” လို့ ဒေါက်တာစံရွှေဝင်းက ပြောပါတယ်။ အခုလို ကိုယ့်တိုင်း၊ ကိုယ့်ရပ်ရွာကို ပြန်လာတာတွေကို လက်ခံရမှာပဲဖြစ်သလို လက်ခံတဲ့နေရာမှာ စာရင်းသေချာကောက်ယူပြီး ကောက်ယူထားတဲ့ စာရင်းကိုလည်း သေချာ စောင့်ကြည့်ဖို့နဲ့ သတင်းပေးပို့မှု စနစ်ကျဖို့လည်း လိုတယ်လို့ ပြောပါတယ်။ “သူတို့ ဖျားသလား မဖျားဘူးလား စသဖြင့် ကျနော်တို့မှာ သူတို့ အားလုံးကို စုပြီး ထားနိုင်လောက်တဲ့နေရာမရှိဘူး။ မရှိတာဖြစ်တဲ့အတွက် သူတို့ မိသားစုတွေနဲ့ နေတဲ့အခါမှာ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးလက်ကျန်းမာရေးဌာနမှာရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်ပြီး သတင်းပေးပို့မှုစနစ်ကို စနစ်တကျ ဆောင်ရွက်ဖို့လိုမှာဖြစ်တယ်။ သတင်းပေးပို့မှု စနစ်ကို စနစ်တကျဆောင်ရွက်လို့ရှိရင် သူတို့တွေ ဘာဖြစ်နေလဲ၊ ဘယ်တုန်းက ပြန်ရောက်သလဲ၊ ဘာတွေဖြစ်လာသလဲ စသဖြင့် ဒီလိုအချက်အလက်တွေ သိလို့ရှိရင် လိုအပ်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေ လုပ်ပေးနိုင်မှာဖြစ်တယ်။ အရေးအကြီးဆုံးက သတင်းအချက်အလက် ရဖို့ကိစ္စပဲဖြစ်ပါတယ် ” လို့ ဒေါက်တာစံရွှေဝင်းက ပြောပါတယ်။ လက်ရှိမှာ ပြည်ပကနေ ပြန်လာသူတွေ လိုက်နာဆောင်ရွက်ရမယ့် အချက်တွေကို အစိုးရက ထုတ်ပြန်ကြေညာပေးထားပါတယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024