Live
Home
မြန်မာသတင်း
COVID-19 အတွက် လွိုင်ကော်ဆေးရုံ၌ ကုတင် ၈၀ ကျော်ပြင်ဆင်၊ အသက်ရှုစက် ၁ လုံးသာရှိ 
နော်နိုရင်း
·
March 24, 2020
ကမ္ဘာအနှံ့မှာ ကူးစက်ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် COVID-19 အတွက် ကြိုတင်ပြင်တဲ့အနေနဲ့ ကယားပြည်နယ် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ   အရေးပေါ် လူနာခန်းတွေအပြင် သံသယလူနာတွေအတွက် သီးသန့်ဆောင် (Quarantine room) တွေ ပြင်ဆင်ဆောင်ရွက်ထားတယ်လို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးမှူး ဒေါက်တာဌေးလွင်က ပြောပါတယ်။ မတ်လ ၂၃ ရက်နေ့ လွိုင်ကော်ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမမှာ ပြုလုပ်တဲ့ COVIC-19 ရောဂါ စောင့်ကြပ်စစ်ဆေးကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောကြားလိုက်တာပါ။  COVID-19 သံသယလူနာတွေအတွက် သားဖွားမီးယပ်ကုသဆောင် အဟောင်းမှာ ခုတင် ၂၅ လုံးပြင်ဆင်ထားပြီးဖြစ်သလို ဆေးရုံအဟောင်း အပါ်ထပ်၊ အောက်ထပ်မှာလည်း ခုတင် ၆၀ လုံး စုစုပေါင်း ကုတင် ၈၅ လုံး ကုသမှုလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ပြင်ဆင်နေတယ်လို့ ထုတ်ပြန် ပြောဆိုပါတယ်။ ဒါ့အပြင်  အရေးပေါ်ဌာန သီးသန့်စမ်းသပ်ခန်း ၂ ခန်း၊ COVID-19 သီးခြားကုသခန်းအတွက် ခုတင် ၄ လုံး သီးသန့်ထားပြီးတော့ အသက်ရှူစက်၊  Cylinder, Autoclave နဲ့ hand dryer ပြင်ဆင်ထားပါတယ်။ “ဒီထက်ပိုပြီးတော့ လူနာတွေက ပိုဆိုးလာရင်တော့ ကျနော်တို့က အပေါ်ထပ်မှာ အထူးကြပ်မတ်ကုသဆောင် အဲဒီမှာလည်း ခုတင် ၄ လုံး၊ အသက်ရှူစက် ၁ လုံး ပါပါမယ်။ နောက်လူနာတယောက်ချင်းစီအတွက် patient monitor တလုံးစီ ထားရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သံသယလူနာ တကယ်လို့များလာရင် ထပ်ဆင့်လက်ရှိအရှေ့ဆောင်မှာ ခုတင် ၂၅ လုံး ပြင်ဆင်ထားပြီးဖြစ်ပါတယ်”  လို့ဒေါက်တာဌေးလွင်က ပြောပါတယ်။ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ COVID-19 အတွက် ပစ္စည်းတွေ လိုအပ်လာရင် သုံးဖို့ ရန်ပုံငွေ သိန်း ၉၀ ချထားပေးပြီး ကြိုတင်ကာကွယ်ဖို့ ပိုးသတ်ဆေးရည်၊ အကာအကွယ်ဝတ်စုံနဲ့ ဆေးဝါးတွေ ဝယ်ယူဖို့ချထားတာ ဖြစ်ပါတယ်။   ဒါ့အပြင်  တပြည်နယ်လုံးအတွက် PPE ဝတ်စုံ ၂၄၈ ခု၊ N95 Mask ၉၀၀၂ ခု၊ Surgical mask ၁၅၄၉ ခု၊ Hand gel ပုလင်း ၁၀၀၀ ခန့်၊ infrared Thermometer  ၉ ခု ရှိပါတယ်။ Infrared Thermometer နည်းလွန်းတာကြောင့် ပြည်နယ်အစိုးရရဲ့ ဘတ်ဂျက်နဲ့ အခု ၃၀ ထပ်မှာတာ ၂၅ ခုသာ ရနိုင်မှာဖြစ်ကြောင်းလည်း ပြောပါတယ်။ ဒါ့အပြင် ပြည်နယ်ပြည်သူ့ဆေးရုံအတွက် လိုအပ်တဲ့ပစ္စည်းနဲ့ ဆေးဝါးအတွက် ပြည်နယ်အစိုးရက ကျပ်  ၉၇၃၁၀၀၀၀ ထောက်ပံ့ထားပါတယ်။ အဲဒီဘတ်ဂျက်ထဲမှာ လူနာတွေထားရှိဖို့ ပြင်ဆင်စရိတ်၊ COVID-19 လူနာအတွက် အရေးပေါ်ဆေးဝါးနဲ့ အသက်ရှူ အထောက်အကူပြုစက် ventilator ၁ လုံးစာ အတွက်ပါဝင်ပါတယ်။ COVID-19 သံသယလူနာ ဖြစ်လာခဲ့ရင်လည်း ဖြစ်တဲ့မြို့နယ်ရဲ့ဆေးရုံမှာ ကုသပေးကြရမှာ ဖြစ်ကြောင်းလည်း ဒေါက်တာဌေးလွင်က ပြောပါတယ်။ “ဒီလိုလူနာတွေ ဖြစ်လာလို့ရှိရင် ဒီကို တိုက်ရိုက်မပို့ပါဘူး။ ဖြစ်တဲ့မြို့နယ်မှာပဲ ဒီရောဂါကို ကုပေးရမှာပါ။ အခုနယ်စပ်က ဝင်လာတဲ့လူတွေ၊ လေဆိပ်မှာ တိုင်းတဲ့လူတွေ ဒီလူတွေကမှ အဖျားရှိတယ်ဆိုရင် ရှိတဲ့မြို့နယ်မှာပဲ ကုသရမှာပါ။ ရှားတောမြို့နယ်မှာ တွေ့လို့ရှိရင် ရှားတောမှာပဲ ဒီလူနာကို ကုရမယ်။ ကောင်းတဲ့လူကို အိမ်ပြန်လွှတ်မယ်။ ကုတဲ့ဟာကို သူက သတင်းပို့ပြီးတော့ ဒီမှာရှိတဲ့သမားတော်ရဲ့ ဘယ်လိုတွေ ကုပါ၊ ဘာကုပါ၊ သူတို့ကောင်းသွားရင် ပြဿနာမရှိဘူး။ တခုခု အသက်ရှူကြပ်တာ၊ မောတာ အသက်ရှူထောက်ကူပစ္စည်းတွေ လိုမယ်ဆိုရင်တော့  ကျနော်တို့ ဒီဆေးရုံကြီးကို လွှဲရမှာ ဖြစ်ပါတယ်။ လွှဲတဲ့အခါမှာလည်း ကျနော်တို့ personal protecting တွေ ဂြိုဟ်သားလို ဝတ်စုံတွေဝတ်ပြီးတော့ လာရမှာဖြစ်ပါတယ်” လို့ ဒေါက်တာဌေးလွင်က ပြောပါတယ်။ COVID-19 စောင့်ကြပ်စစ်ဆေး ကာကွယ်ထိန်းချုပ်ကုသရေးအတွက် လွိုင်ကော်ပြည်သူ့ဆေးရုံအပြင် တခြားမြို့နယ်တွေဖြစ်တဲ့ ဒီးမော့ဆိုမြို့နယ်ဆေးရုံမှာ သံသယလူနာ ၅၀ လောက် ထားရှိနိုင်မယ့် အခန်း ၁ ခန်းနဲ့ ၁၀ ယောက်ဆံ့ အခန်းတခု၊ ဖရူဆိုမြို့နယ်ဆေးရုံမှာ နှစ်ခန်းတွဲ ဝန်ထမ်းအိမ်ရာကို စီစဉ်ထားတယ်လို့ သိရပါတယ်။ ရှားတောမြို့နယ်ဆေးရုံမှာတော့ အထူးကြပ်မတ်ဆောင် အခန်း ၂ ခန်း၊ quarantine အခန်း ၂ ခန်း၊ ဘော်လခဲမြို့နယ်ဆေးရုံမှာတော့ လူနာ ၄ ဦးစီဆံ့တဲ့  Isolateion အခန်း ၁ ခန်းနဲ့ quarantine အခန် ၁ ခန်းအပြင် မြို့နယ်ဓမ္မာရုံမှာ လူနာ ၂၀ ခန့်ထားရှိနိုင်ရေး စီစဉ်ထားပါတယ်။ ဖားဆောင်းမြို့နယ်မှာတော့ isolation ၂ ခန်း၊ အိုင်စီယူ ၂ ခန်းနဲ့ စောင့်ကြည့်လူနာအတွက် အခန်းတခန်းစီ၊ မယ်စဲ့မြို့နယ်ဆေးရုံမှာလည်း သံသယလူနာ အတွက် ခုတင် ၆ လုံး ပြင်ဆင်ထားပြီး isolation အနေနဲ့ ခုတင် ၄ လုံး စီစဉ်ထားရှိပါတယ်။ ဒီလိုမြို့နယ်အသီးသီးမှာ ပြင်ဆင်ထားမှုရှိနေပေမယ့် အသက်ရှူ အထောက်အကူပြုစက် (ventilation) က  လွိုင်ကော်ပြည်သူ့ဆေးရုံမှာ တလုံးသာ ရှိပါတယ်။ ရောဂါဖြစ်လာလို့ မဖြစ်မနေ အသုံးလိုတယ်ဆိုရင်လည်း တကယ့်အရေးကြီးတဲ့ လူနာကိုသာ အသုံးပြုမှာဖြစ်တယ်လို့ လွိုင်ကော်ပြည်သူ့ဆေးရုံရဲ့ အထွေထွေသမားတော်ကြီး ဒေါက်တာ အောင်မင်းက ပြောပါတယ်။ “အသက်ရှူစက်က လူတိုင်း မလိုပါဘူး။ အသက်ရှူစက်က လူ ၁၀၀ ဖြစ်ရင် ၅ ယောက်လောက်ပဲလိုပါတယ်။ ကျနော်တို့ ၈၀ ရာခိုင်နှုန်း ပုံမှန် ချောင်းဆိုး နှာစေးလောက်နဲ့ပဲ ပြီးသွားတာပေါ့နော်။ အဲဒီထဲမှာ ၁၅ ရာခိုင်နှုန်းကျော်က နည်းနည်းဆိုးတယ်။ အဲဒီထဲမှာ သေအောင်ဖြစ်နိုင်တဲ့သူကတော့ ၅ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ တကယ်တမ်းကျတော့ မလောက်ဘူးပေါ့နော်။ ကျနော်တို့ အဲဒီအချိန်ကျရင်တော့ ဘယ်သူတွေကို တပ်ရမယ်ဆိုတဲ့ cratiria ခွဲရမှာပေါ့နော်။ အဲဒါသတ်မှတ်ထားတဲ့ cratiria တွေရှိတယ်။ အဲဒါတော့ နောက်မှာပဲ ဆွေးနွေးမယ်။ ၁လုံးတည်းနဲ့ မလောက်တော့မလောက်ပါဘူး။ တနိုင်ငံလုံးလည်း ဘယ်နေရာမှာမှ မလောက်ပါဘူး။ ” ဒါ့ပြင် လက်ရှိ COVID-19 စောင့်ကြပ်စစ်ဆေးကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  ဆေးရုံမှာ တက်ရောက်ကုသမယ့် လူနာတွေအနေနဲ့ လူနာစောင့်တဦးတည်းသာ လာဖို့လည်း ဧည့်တွေကိုလည်း လျှော့ချသွားမှာဖြစ်တယ်လို့ လွိုင်ကော်ပြည်သူ့ဆေးရုံရဲ့ သူနာပြုအုပ်ကြီး ဒေါ်စိုးစိုးဝင်းက ပြောပါတယ်။ “ကျမတို့အနေနဲ့က လူနာလာတယ်ဆိုလို့ရှိရင် အဓိကကတော့ သံသယရှိလူနာ လာတယ်ဆိုလို့ရှိရင် PPE ဝတ်စုံဝတ်ဖို့ ဆိုတာထက် အဓိက လက်ဆေးဖို့ပေါ့။ လာတဲ့လူနာတွေ၊ လူနာစောင့်တွေကိုလည်း တတ်နိုင်သမျှ လူနာစောင့်နည်းနည်းလေးပဲ လာစေချင်ပါတယ်။ လူနာတယောက်ကို လူနာစောင့် တယောက်ပဲ စော့င်ပြီးတော့မှ လာတဲ့ဧည့်သည်ကို လျှော့ချချင်ပါတယ်။” လွိုင်ကော် ပြည်သူ့ဆေးရုံမှာ ဖေဖော်ဝါရီ ၁ ရက်ကစပြီး  မတ်လ ၁၉ ရက်အထိ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ၁၀ ဦးရှိပြီး  သူတို့ရဲ့ သွေးနမူနာကို အမျိုးသားဓာတ်ခွဲခန်းကို ပို့ဆောင်ရာမှာ ၈ ဦးမှာ ရောဂါပိုး မရှိကြောင်း နဲ့ ၂ ဦးမှာ ဓတ်ခွဲခန်း အဖြေကို စောင့်ဆိုင်နေဆဲဖြစ်ပါတယ်။ “စုစုပေါင်း ၁၀ ဦးထဲကနေပြီးတော့  ၈ ဦးက ကနေ့အချိန်အထိ ပို့မတွေ့ဘူး။  နှစ်ဦးကတော့ ကျနော်တို့ ပို့ထားတဲ့အဖြေ မရသေးပါဘူး။ ဒီ ၁၀ ဦးထဲမှာ ၃ ဦးက ဆေးရုံကနေ ဆင်းသွားပြီ ဖြစ်ပါတယ်။ ဆေးရုံကနေ နေကောင်းလို့ ဆင်းသွားပြီဖြစ်ပါတယ်။  ဒီမှာ အခုလက်ရှိကျန်တာကတော့ ၅ ဦးပဲ ကျန်ပါတယ်။ နောက် ၂ ဦးကလည်း ပိုးမတွေ့ပါဘူးဆိုပြီး အိမ်ကို ပြန်လွှတ်လိုက်ပါတယ်” လို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးမှူး ဒေါက်တာဌေးလွင်က ပြောပါတယ်။ ဆေးရုံမှာ ကျန်နေသူ ၅ ဦးထဲက  သွေးအဖြေမရသေးတဲ့သူနဲ့ ကျန်သူတွေကတော့ တခြားရောဂါဖြစ်တဲ့ တီဘီရောဂါနဲ့ ဦးနှောက်သွေးကြောပေါက်တဲ့ရောဂါကြောင့် ဆေးရုံမှာ ဆက်လက်ကုသမှု ခံယူနေပါတယ်။ ကယားပြည်နယ်အနေနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ COVID-19 စောင့်ကြပ် စစ်ဆေး ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီကို ဖေဖော်ဝါရီ ၁၂ ရက်နေ့က အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းပြီး ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပါတယ်။ လွိုင်ကော်လေဆိပ်၊ ရှားတောမြို့နယ် နယ်စပ်ဝင်ပေါက် အမှတ် ၉၊ မယ်စဲမြို့နယ် နယ်စပ်ဝင်ပေါက် အမှတ် ၁၃၊ ၁၄ တို့မှာ ဇန်နဝါရီလ ၂၉ ရက်နေ့စကပြီး မတ်လ ၂၂ ရက်နေ့အထိ အဝင်လူဦးရေ ၆၀၄၅ ရှိခဲ့ပြီး စောင့်ကြပ် ကြည့်ရှုစစ်ဆေးပေးခဲ့ပါတယ်။ လက်ရှိ ပြည်နယ်အတွင်းမှာ ဗီဇာနဲ့ ဝင်ရောက်နေထိုင်နေတဲ့ နိုင်ငံခြားသား ဧည့်သည်တွေကို ဖျားနာတဲ့သူရှိပါက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနကို ၂၄ နာရီအတွင်း အကြောင်းကြားပေးဖို့ ဆောင်ရွက်ထားရှိတယ်လို့ ပြည်နယ်ဦးစီးမှူး ဦးစန်းဝေက ပြောပါတယ်။ COVID-19 ဟာ  နိုင်ငံပေါင်း ၁၈၆ နိုင်ငံ ကူးစက်ပျံ့နှံ့နေပြီး မြန်မာနိုင်ငံမှာတော့ မတ်လ ၂၃ ရက်နေ့မှာ ပိုးတွေ့လူနာ ၂ ဦးရှိကြောင်း ကျန်းမာရေးဌာနက ကြေညာပါတယ်။ မြန်မာနိုင်ငံသားအများဆုံး သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေမှာ ကူးစက်ပြန့်ပွားတဲ့အတွက် ထိုင်းနဲ့ ကယားပြည်နယ် ဝင်ပေါက်တွေဖြစ်တဲ့ လွိုင်ကော်မြို့နယ် ဝါရီကောမူအဝင်ဂိတ်၊ ထီးစဲခါးအဝင်ဂိတ်၊ ရှားတောမြို့နယ်ရှိ ဘီပီ ၉ ဝင်ပေါက်၊ ဘော်လခဲမြို့နယ်ရှိ ရွာသစ်ဂိတ်ပေါက်၊ မယ်စဲမြို့နယ်ရှိ ဘီပီ ၁၃ နဲ့ ၁၄ ဝင်ပေါက်တွေကနေ ပြန်လည်ဝင်လာပါက သက်ဆိုင်ရာကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ကျန်မာရေးဌာနကို ဆက်သွယ်သတင်းပေးဖို့လည်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာက  မတ်လ ၂၃ ရက် ရက်စွဲနဲ့ထုတ်ပြန်ပါတယ်။  ဒါ့ပြင် ပြည်သူတွေအနေနဲ့လည်း ရောဂါမပြန့်ပွားရေးအတွက် ကူညီပေးဖို့နဲ့ နယ်စပ်မှာ ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို သေချာကြပ်မတ်စစ်ဆေးနေပြီး မိမိတို့ နေအိမ်မှာပဲ self quarating ၁၄ ရက် အသွားအလာကန့်သတ်နေထိုင်ဖို့ ဖျားနာသူရှိရင် သက်ဆိုင်ရာ ကျေးရွာ၊ မြို့နယ် တာဝန်ရှိသူတွေကို ချက်ချင်း အကြောင်းကြားဖို့လည်း တိုက်တွန်းထားပါတယ်။ ပိုးတွေ့လူနာရှိရင် ချက်ချင်းအကြောင်းကြားဖို့လိုသလို သက်ဆိုင်ရာဌာနတွေ၊ တာဝန်ရှိသူတွေလည်း ပူးပေါင်းပါဝင်ဖို့ လိုအပ်ပြီး ရောဂါရှိသူ အမြန်သိရင် ရောဂါထိန်းချုပ်နိုင်ရေး ပိတ်ရမယ့်နေရာလည်း ကျဉ်းမှာဖြစ်ပြီး နောက်ကျမှသိရင် ပိတ်ရတဲ့နေရာ ကျယ်ဝန်းမှာဖြစ်လို့ အာလုံးအတိဒုက္ခရောက်မယ့်အရေးကိုလည်း ကူညီကြဖို့ တိုက်တွန်းထားပါတယ်။ 

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024