Home
မြန်မာသတင်း
ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားများ သောင်းနှင့်ချီပြီး အိမ်ပြန်
နန်းမြနဒီ
·
March 23, 2020
မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူတွေ တနေ့ထက် တနေ့ ပိုမိုများပြားလာပြီး  တရားဝင် နယ်စပ်ဝင်ပေါက်ထွက်ပေါက်တွေ အကုန်ပိတ်လိုက်တာကြောင့် ထိုင်း-မြန်မာ နယ်စပ်ဂိတ်တွေမှာ သောင်းနဲ့ချီတဲ့ အလုပ်သမားတွေ အစုလိုက်အပြုံလိုက် အိမ်ပြန်နေကြပါတယ်။  မဲဆောက် - မြဝတီနယ်စပ်မှာဆိုရင် တရားဝင်ဖွင့်လှစ်ထားတဲ့ ဂိတ်တွေမှာရော၊ နားလည်မှုနဲ့ သွားလာနေကြတဲ့ လမ်းကြောင်းတွေမှာပါ လွန်ခဲ့တဲ့ ၅ ရက်လောက်က တည်းကစပြီး မြန်မာအလုပ်  သမားတွေ နေ့စဉ် ထောင်နဲ့ချီ အိမ်ပြန်နေကြတာလို့ နေရပ်ပြန်လုပ်သားတွေကို လိုအပ်တာလိုက်လံ ကူညီပေးနေတဲ့ အေအေစီ မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးမဟာမိတ်အဖွဲ့ တာဝန်ခံ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။  ထိုင်းအစိုးရက မတ် ၂၂ ရက်နေ့ နောက်ဆုံးထား သွားလာခွင့်ပြုပြီး  ကူးစက်ရောဂါထိန်းချုပ်တဲ့အနေနဲ့ မတ် ၂၃ ရက်နေ့မှာ နယ်စပ်ဂိတ်တွေအားလုံး ပိတ်မယ်လို့ ကြေညာထားပေမယ့် ထိုင်းနိုင်ငံအတွင်းပိုင်းက အလုပ်သမားတွေ ထောင်နဲ့ချီထပ်ရောက်လာတာကြောင့် ဂိတ်တွေ မပိတ်နိုင်သေးဘူးလို့  ဆိုပါတယ်။ “ပြန်လာတဲ့အလုပ်သမားက အရမ်းများတော့ ကြေညာထားတဲ့အတိုင်း ဂိတ်ပိတ်လို့ မရသေးဘူး။ နှစ်နိုင်ငံ ညှိနှိုင်းမှုတွေတော့ တံတားက ဆက်ဖွင့်ပေးနေရတဲ့ သဘောပါ။ ဒီမနက်ဆိုရင် ကို ထောင်ကျော်နေပြီ၊ ပြီးခဲ့တဲ့ ၂ ရက်ကဆိုရင် တရက်တည်းကို ၇ ထောင်ကျော်ရှိတယ်။ ပြန်လာ ကြတာက ကိုဗစ်ရောဂါကူးမှာ ကြောက်တာလည်းပါတယ်။ ဈေးဆိုင်တွေ အလုပ်ရုံတွေပိတ်တော့ အလုပ်ပြုတ်ပြီးပြန်လာတာတွေလည်း အများကြီး၊ နောက်ပြီး ဗီဇာသက်တမ်းကုန်တဲ့လူတွေလည်း တော်တော်များတယ်။ တံတားက ဘယ်ချိန်ထိ ထပ်ဖွင့်ပေးမလဲဆိုတာ ပြောလို့မရဘူး။ တချို့က မနေ့ကတည်းက ပြန်လာချင်တာ ကားမရှိတော့လို့၊ ကားခတွေလည်း ဈေးတက်ကုန်တယ်။ ဒီ မဲဆောက်ဘက်မှာလည်း အငှားကားတွေ ပြည့်ကုန်လို့ ရှာမရတော့ဘူး။  မြဝတီဘက်မှာတော့ တော်သေးတယ်၊ စေတနာရှင်ကားသမားတွေပေါင်းပြီး အခမဲ့သယ်ပေးနေကြပါတယ်ခင်ဗျ။” အခုလို ထိုင်းကမြန်မာတွေ ထောင်နဲ့သောင်းနဲ့ချီပြီး အိမ်ပြန်ကြရာမှာ အချို့က ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်လာမှာကို စိုးရိမ်ပြီး ကြောက်ရွံ့တာတွေ၊ လက်မခံချင်တာတွေ ရှိနေကြောင်း၊ အမှန်မှာ ထိုင်းကပြန်လာသူတိုင်းကို မြန်မာ အဝင်ဂိတ်ဘက်ကနေ အဖျားတိုင်းတာတာ၊ အိမ်ရောက်ပြီး ချက်ချင်းအပြင်မထွက်ဘဲ ၁၄ ရက်ကြာ မိမိကိုယ်မိမိစောင့်ကြည့်နေထိုင်တာ စတဲ့ပညာပေးတာတွေ လုပ်ပေးနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဖျားရှိတဲ့သူတွေအတွက် မြဝတီမှာ သီးသန့်ခွဲထားဖို့ နေရာတွေလည်း ပြင်ဆင် ထားကြောင်း၊ ဒါကြောင့် စားဝတ်နေရေး အခက်ခဲကြောင့် တိုင်းတပါးမှာ အလုပ်လုပ်ပြီး ပြန်လာသူတွေကို နားလည်နွေးထွေးစွာကြိုဆိုလက်ခံဖို့ ကိုရဲမင်းက ပြောသွားပါတယ်။  အလားတူ တာချီလိတ် - မယ်ဆိုင်တံတားဘက်မှာလည်း ထိုင်းဘက်ကနေ ပြန်ဝင်လာသူတွေ နေ့စဉ် ရာနဲ့ချီရှိနေပြီး မနေ့ကဆိုရင် ၂၃ ရက်နေ့ တံတားပိတ်မယ်လို့ ကြေညာထားလို့ ခါတိုင်း ထက်ပိုများကြောင်း၊ ဂိတ်က ည ၉ နာရီကျမှ ပိတ်ပေးပေမယ့် ဒီနေ့မနက်လည်း ထပ်ရောက်လာလို့ သူတို့ဝင်ရဖို့အတွက် တာချီလိတ်ဘက်ခြမ်း တာဝန်ရှိသူတွေက လာပြီးညှိနှိုင်းပေးနေတာ တွေ့ရတယ်လို့ အငှားဆိုင်ကယ် ကယ်ရီသမား လုံးစိုင်းဒဲန်က ဒီဗွီဘီကို ပြောပါတယ်။  တာချီလိတ် ဝိန်းကျောက်အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်သိန်းကလည်း ထိုင်း ဘက်ခြမ်းက ဝင်လာသူတွေကို မြန်မာဘက်က အပူချိန်အဖျားတိုင်းတာတာ လုပ်နေပြီး အဖျားရှိရင် တာချီလိတ်ဆေးရုံမှာထားဖို့ ပြင်ဆင်ထားကြောင်း၊ ဒါပေမယ့် အခြားတရားမဝင်လမ်းကနေ မိမိဘာသာ ပြန်သွားရင်တော့  ကိုယ်နဲ့ ကိုယ့်မိသားစုဝင်တွေ ကျန်းမာရေးအတွက် နီးစပ်ရာ ဆေးရုံဆေးခန်းမှာ အပူချိန်သွားတိုင်းသင့်တယ်လို့ အကြံပြုပါတယ်။  ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်ထဲမှာလည်း ခုတပတ်တွင်း ထိုင်းကပြန်လာတဲ့ အလုပ်သမားတွေ နေ့စဉ်ရှိနေပြီး ကူးစက်ရောဂါကာကွယ်ရေးအတွက် သက်ဆိုင်ရာ မြို့နယ်/ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့  ကျန်းမာရေးဌာနက ပူးပေါင်းကာ ပညာပေးတာ၊ လူနာအတွက် နေရာပြင်ဆင်တာ လုပ်ဆောင်နေတယ်လို့ ရှူးမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် နန်းကောင်ခမ်းက ဒီဗွီဘီကို ပြောပါတယ်။  “ဒီရက်ပိုင်း ပြန်လာတာ နေ့တိုင်းလိုပဲ၊ ပြန်လာတဲ့သူတွေအနေနဲ့ သက်ဆိုင်ရာ ရွာသူကြီးတွေကို အကြောင်းကြားဖို့၊ သူကြီးကလည်း သူတို့ကျန်းမာရေးနဲ့ ပတ်သက်တဲ့အချက်အလက်တွေမေးပြီး တာဝန်ရှိသူတွေကို တင်ပြဖို့ အစည်းအဝေး လုပ်ထားပါတယ်။ ဆေးရုံမှာလည်း သံသယရှိလူနာတွေကို သပ်သပ်ခွဲထားဖို့ ပြင်ဆင်ထားတယ်၊  အများကြီးတော့ မဆံ့ဘူးပေါ့။ ပြီးခဲ့တဲ့ ၂၀ ရက်နေ့ကတော့ ဟိုင်းပါရွာက လူကြီး ၄ ယောက်နဲ့ ကလေး ၂ ယောက် ထိုင်းက ပြန်လာတာ၊ ရွာသားတွေက ကောလာဟလ စကားတွေကြောင့် သူတို့ကို ရွာထဲအဝင်မခံဘဲ ရွာပြင်မှာဘဲနေဖို့ ပြောတယ်တဲ့၊ အဲဒါကြောင့် ကျမတို့ တညလုံးသွားကြိုပြီး မိုင်းရှူးဆေးရုံကို ခေါ်ခဲ့တယ်။ အဖျားတိုင်းတယ်၊ အားလုံး ကျန်းကျန်းမာမာပဲ၊ ဒါပေမယ့် ၁၄ ရက်စောင့်ကြည့်ဖို့ ဆေးရုံဝင်းထဲက နေအိမ်တလုံးမှာ သပ်သပ်ထားထားပါတယ်။” မိုင်းရှူးဆေးရုံမှာ ရောဂါစစ်ဆေးလို့ရတဲ့ ကိရိယာမရှိသလို ဆေးဝါးလည်း အလုံအလောက် မရှိကြောင်း၊ ဒါကြောင့် အပူချိန်တိုင်းတာတာ၊ အခြေခံကုသတာတွေသာ လုပ်ဆောင်နိုင်ပြီး ထိုင်းက ပြန်လာသူ အလုပ်သမားတွေအနေနဲ့ ပြန်ရောက်ပါက ဟိုဟိုဒီဒီလည်ပတ်တာတွေ ရှောင်ကြည်ပြီး ၁၄ ရက်တာ အိမ်ထဲကအိမ်ပြင်မထွက်ဘဲ နေထိုင်ဖို့၊ အိမ်က မိသားစုကျန်းမာရေးအတွက် သတိနဲ့ နေထိုင်ဖို့ လိုအပ်တယ်လို့ နန်းကောင်ခမ်းက ပြောသွားပါတယ်။  ဒီကိစ္စနဲ့ ပတ်သက်ပြီး  ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကလည်း ကိုဗစ်-၁၉ ရောဂါဟာ စင်ကာပူ၊ မလေးရှား၊ ထိုင်းစတဲ့နိုင်ငံတွေမှာပါ ကူးစက်ဖြစ်ပွါးနေတာကြောင့် အဲဒီနိုင်ငံမှာသွားပြီး အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေ၊ ဧည့်သည်တွေ မြန်မာပြည်ထဲပြန်ဝင်လာရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ကျန်းမာရေးမှူးတွေကို မပျက်မကွက်သတင်းပို့ဖို့ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ မလေးရှား၊ စင်ကာပူစတဲ့ နိုင်ငံက ပြန်လာသူတွေ အနေနဲ့ ၁၄ ရက်အတွင်း တခြားနေရာတွေကို သွားလာခြင်းမပြုဘဲ အိမ်ထဲမှာနေထိုင်ဖို့ အကြံပြု တိုက်တွန်‌ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024