အိန္ဒိယနိုင်ငံသား ၇ ဦးအပါအဝင် ၁၅ ဦးကို အေအေပြန်လွှတ်၊ ငွေကျပ် သိန်း ၅၀ ယူဆောင်သွား
DVB
·
March 23, 2020
ချင်းပြည်နယ်၊ ပလက်ဝဆိပ်ခံတံတားလုပ်ငန်းခွင်က အိန္ဒိယနိုင်ငံသားတွေအပါအဝင် ၁၅ ဦးကို ရက္ခိုင့်တပ်တော်(အေအေ)က ပြန်လွှတ်ပေးခဲ့ပေမယ့် ငွေကျပ် သိန်း ၅၀ ယူဆောင်သွားတယ်လို့ ချင်းပြည်နယ်စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောပါတယ်။
ပလက်ဝါမြို့အနီးရှိ ဆိပ်ခံတံတားတည်ဆောက်နေတဲ့နေရာကို မတ်လ ၂၂ ရက် ည ၁၀ နာရီကျော်မှာ အေအေ တပ်ဖွဲ့ဝင်တွေရောက်လာပြီး ဝန်ထမ်းတွေကို ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး ဒီမနက် ၉နာရီလောက်မှာ ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။
အဲဒီဖမ်းဆီးသွားတဲ့ဝန်ထမ်းတွေထဲမှာ အိန္ဒိယနိုင်ငံသား ၇ ယောက်နဲ့ စကားပြန်တွေ၊ ဝန်ထမ်းတွေ ပါတယ်လို့ သိရပါတယ်။
ဒီမနက်မှာ ဖမ်းဆီးခံရသူတွေပြန်လွတ်မြောက်လာပေမယ့် ဝန်ထမ်းတွေဆီက ငွေကျပ်သိန်း ၅၀ နဲ့ ပစ္စည်းတချို့ကိုတော့ အေအေ အဖွဲ့က ယူဆောင်သွားတယ်လို့ ချင်းပြည်နယ်စည်ပင်ဝန်ကြီးက ပြောပါတယ်။
ပလက်ဝဆိပ်ခံတံတားလုပ်ငန်းခွင်ဟာ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်က ပြည်သူလူထုတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ သဘောတူညီချက်နဲ့ အကောင် အထည်ဖော်နေတဲ့ ကုလားတန်ဘက်စုံစီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
သတင်း-ထက်ဝေအောင်