မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ဈေးများ၌ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး ဆေးဖျန်း
သူဇာလင်း
·
March 23, 2020
ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေးအတွက် ဆေးဖျန်းတာတွေကို မတ်လ ၂၃ ရက်မနက်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှာရှိတဲ့ ရွှေမင်္ဂလာဈေး၊ ရွှေပြည်စုံဈေးနဲ့ မင်္ဂလာဈေးသစ်မှာ လုပ်ဆောင်ပါတယ်။
မြို့နယ်စည်ပင်သာယာရေးကော်မတီကျန်းမာရေးဌာနက ဦးဆောင်ပြီး COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရန်ကုန်မြို့မှာရှိတဲ့ ပုဇွန်တောင်ဈေး၊ စံပြငါးဈေး၊ မင်္ဂလာတောင်ညွန့် အမဲဈေးစတဲ့ဈေးကြီး ၈ ဈေးကို ဦးစားပေးဆေးဖျန်းသွားမှာဖြစ်ပြီး အသားငါးအစိမ်းရောင်းချတဲ့ဈေး တွေကို ဦးစားပေးလုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။
ဒါ့အပြင် ဈေးရောင်းချတဲ့ သူတွေကို အနှောင့်အယှက်မဖြစ်အောင်လို့ ဈေးပိတ်တဲ့ ရက်တွေနဲ့ အဆင်ပြေတဲ့အချိန်တွေမှာ ရက်ခြားလုပ်ဆောင်သွားမယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်လှိုင်က ပြောပါတယ်။
လက်ရှိမှာတော့ ဗဟိုစံပြငါးဈေး၊ ပုဇွန်တောင်ဈေးနဲ့ သိမ်ဖြူဈေးတွေမှာ ရောဂါကာကွယ်ရေး အတွက် ဆေးဖျန်းတာတွေ လုပ်ဆောင်ပြီးဖြစ်တယ်လို့ဆိုပါတယ်။
မတ်လ ၂၄ ရက်နေ့မှာလည်း မင်္ဂလာတောင်ညွန့်ဈေးနဲ့ အမဲဈေးတွေမှာလည်း လက်ကမ်းစာစောင်တွေ ပေးဝေတာတွေနဲ့ ဆေးဖျန်းလုပ်ဆောင်သွားဖို့ ရှိနေပါတယ်။