ကမ်းနီ တပ်မတော်လေ့ကျင့်ရေးကျောင်းကို အေအေတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်
အောင်သူ
·
March 23, 2020
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကမ်းနီရှိ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းကို မတ်လ ၂၃ ရက် မနက်ပိုင်းက ရက္ခိုင်တပ်တော် (အေအေ) တပ်ဖွဲ့ဝင်တွေက လာရောက်ပစ်ခတ်ခဲ့ပါတယ်။
ဒီမနက် ၆ နာရီလောက်က အေအေတပ်ဖွဲ့ဘက်က ကမ်းနီရှိ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းကို နေရာ ၃ နေရာကနေ လာရောက်ပစ်ခတ်ခဲ့ပြီး တပ်ထဲကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့ ကြိုးစားခဲ့တာလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။
“မနက် ၁၁ နာရီခွဲဝန်းကျင်အချိန်ထိ အေအေဘက်နေ အဝေးက ပစ်ခတ်မှုတွေရှိနေပေမယ့် တပ်ထဲထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားမှုမအောင်မြင်သွားခဲ့ဘူးလို့ ဆိုပါတယ်။ တပ်မတော်ဘက်က ထိခိုက်ကျဆုံးမှုမရှိသလို လက်ရှိအချိန်မှာတော့ အားလုံး လုံခြုံစိတ်ချရတဲ့အခြေနေမှာရှိနေပြီ။”
အဲဒီနေရာမှာ တိုက်ပွဲဖြစ်နေတယ်ဆိုတာကိုသိရပေမယ့် တိုက်ပွဲနဲ့ပတ်သတ်တဲ့ အသေးစိတ် အချက်အလက် ဘာတစ်ခုမှ ရောက်မလာသေးဘူးလို့ အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။