ကျောက်တော်တွင် ကလေးများ လက်နက်ကြီးတလုံးကို ဆော့ကစားရာမှ ပေါက်ကွဲ၊ ၆ ဦးဒဏ်ရာရ
ဝဏ္ဏခွာညို
·
March 23, 2020
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ဂုတ်ပီးချောင်း (မွတ်ဆလင်ကျေးရွာ) မှာ လက်နက်ကြီးတလုံးပေါက်ကွဲလို့ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၁ ဦး စိုးရိမ်ရတယ်လို့ မိသားဝင်စုတွေက ပြောပါတယ်။
မတ် ၂၂ ရက်နေ့ ၁၂ နာရီဝန်းကျင်လောက် အိမ်နား ငှက်ပျောခြံမှာ မပေါက်ကွဲဘဲ ကျန်ရှိနေတဲ့ လက်နက်ကြီးကို ကလေးတွေက သွားရောက်ကြည့်ရှုနေစဉ်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ဒဏ်ရာရရှိခဲ့သူ ဂုတ်ပီးချောင်းကျေးရွာက မာမူနာယုံရဲ့ အဖေဖြစ်သူ ဦးရွှေမောင်က ဒီဗွီဘီကို ပြောပါတယ်။
“အိမ်နောက်ဘက်က ငှက်ပျောခြံရှိတယ်။ အဲဒီမှာ ကလေးတွေက ဆော့ကစားနေကြတာပါ။ မပေါက်ကွဲတဲ့ လက်နက်ကြီးတလုံး တွေ့တယ်လို့ပြောတယ်။ အဲ့ဒီမှာပေါက်ကွဲမှုဖြစ်တာ၊ ကျနော့်သားမှာ ခြေသလုံးပေါက်ပြီးတော့ နောက်တဖက်က ထွက်သွားတယ်။ ကျနော့်အစ်ကိုကြီးရဲ့ သားနှစ်ယောက်မှာ ဒဏ်ရာရတယ်။ အားလုံး ၆ ယောက် ဒဏ်ရာရသွားတယ်။”
ဒဏ်ရာရတဲ့သူတွေဟာ ခြေထောက်တွေနဲ့ လက်၊ ဝမ်းဗိုက်နဲ့ မျက်နှာအသီးသီးမှာ ထိခိုက်ဒဏ်ရရှိခဲ့ကြတယ်လို့ ဦးရွှေမောင်ကပြောပါတယ်။
ဒဏ်ရာရတဲ့သူတွေကို ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာ ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး ဒဏ်ရာပြင်းထန်တဲ့ အသက် ၂၀ အရွယ် အမျိုးသမီးတဦးနဲ့ နောက်ယောကျ်ားလေးတယောက်ကို စစ်တွေဆေးရုံ အရေးပေါ်ပို့ဆောင်ထားတယ်လို့ ဦးရွှေမောင်က ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့အေအေတပ်ဖွဲ့တို့ နေ့စဉ်ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေသလို အရပ်သား ထိခိုက်ဒဏ်ရာရမှုနဲ့ သေဆုံးမှုတွေလည်း ရှိနေပါတယ်။