Home
မြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာထားရှိမည့် နေရာများကို မွန်ဝန်ကြီးချုပ်ကွင်းဆင်းစစ်ဆေး
DVB
·
March 22, 2020
ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးအတွက် မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း သံသယလူနာနဲ့ စောင့်ကြည့်လူနာတွေ ထားရှိမဲ့နေရာတွေကို ဒီနေ့မနက်က မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံနဲ့အဖွဲ့ ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ စောင့်ကြည့်မယ့် သီးသန့်လူနာအခန်းတွေ လုံလောက်မှုရှိမရှိ၊ လူနာတွေထားတဲ့အခါ ကျန်းမာရေး လုပ်သားတွေ လိုအပ်မယ့်ကုသရေးအပိုင်းကို ကြိုတင်ပြင်ဆင်ထားဖို့နဲ့ သံသယနဲ့ စောင့်ကြည့် လူနာတွေကို စနစ်တကျ ထားရှိဖို့ ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက တာဝန်ရှိသူတွေကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ရေးမြို့နယ်မှာ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါနဲ့ သံသယလူနာတွေ တွေ့ရှိပါက ရေးဆေးရုံ၊ ကျန်းမာရေးဝန်ထမ်းအိမ်ရာ၊ အားကစားရုံ စတဲ့ နေရာ ၃ ခုမှာ လူနာအခြေအနေအပေါ် မူတည်ပြီး စနစ်တကျထားဖို့၊ လူနာ ရာနဲ့ချီအထိ ထားဖို့ အဆင်ပြေအောင် ကြိုတင်ပြင်ဆင်ထားနိုင်ရေးအတွက် အခုလို ကွင်းဆင်းစစ်ဆေးခဲ့တာလို့ သိရပါတယ်။ မွန်ပြည်နယ် ရေးမြို့နယ်ကနေ ထိုင်း၊ မလေးရှားတို့မှာ သွားရောက်အလုပ်လုပ်ပြီး တရားမဝင် လမ်းကနေ ပြန်ဝင်ရောက်လာသူတွေကတဆင့် ရောဂါဖြစ်ပွားမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ ရေးမြို့နယ်အတွင်း အစိုးရက လူစုလူဝေး အခမ်းအနား ပွဲလမ်းတွေ ပိတ်ပင်ထားမြစ်ထားသလို အခုရက်ပိုင်းအတွင်း ပိုသတ်ဆေးဖျန်းတာတွေနဲ့ အသိပညာပေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို အရှိန်မြင့်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတယောက်မှ မတွေ့ရှိသေးဘဲ ဇန်နဝါရီလ ၃၁ ရက်ကနေ မတ်လ ၂၁ ရက်အထိ စောင့်ကြည့်နဲ့ သံသယလူနာ ၂၀၁ ဦးအနက် နာတာရှည်တခြားရောဂါနဲ့ သေဆုံးသူ ၁၂ ဦး ရှိပြီလို့  ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက မတ်လ ၂၁ ရက် ညမှာ ထုတ်ပြန်ထားပါတယ်။ နေမျိုးထွဋ် 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024