ဧရာဝတီတိုင်းမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် လယ်သမားကြွေးကျန် ငွေ ၂၁၀ ဘီလီယံ ပြန်မရသေး
DVB
·
March 22, 2020
ဧရာဝတီတိုင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ၂၀၁၉ ခုနှစ်အတွင်း လယ်သမားတွေကို ထုတ်ချေးခဲ့ပြီး ပြန်မရသေးတဲ့ ကြွေးကျန်ငွေ ၂၁၀ ဘီလီယံအထိရှိတယ်လို့ တိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တာဝန်ရှိသူကပြောပါတယ်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ၂၀၁၉ ခုနှစ်အတွင်း မိုးစပါးစိုက်ပျိုးဖို့ တောင်သူ လယ်သမား ၂၆၄၁၂၃ ဦးကို မေလကနေ စတင်ဘာလအတွင်း ငွေကျပ် ၂၆၄ ဘီလီယံ ထုတ် ချေးပေးခဲ့တာပါ။
လယ်သမား ၃၃၆၉၆ ဦးက ငွေကျပ် ၄၅ ဘီလီယံသာပြန်လည်ပေးသွင်းခဲ့တာကြောင့် ကြွေးကျန်ငွေ ၂၁၉ ဘီလီယံကျော်နေသေးတယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဒုမန်နေဂျာ ဦးကြည်ဝင်းက ပြောပါတယ်။
"သီးနှံအထွက်ညံ့လို့ ချေးငွေမဆပ်နိုင်တဲ့သူတွေက တော်တော်နည်းပါတယ်၊ တော်တော်များ များက မဆပ်ကို မဆပ်ကြတာပါ၊ တဦးက မဆပ်တော့ နောက်တဦးကလည်း မဆပ်တော့ဘူး၊ အဲ့လိုနဲ့ ကြွေးကျန်တာတွေ များနေတာ။"
တောင်သူလယ်သမားတွေအနေနဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ ချေးငွေရယူပါက သတ်မှတ်ထားတဲ့ အချိန်စေ့တဲ့အထိ အတိုးနှုန်း ၆၇ ပြားသာပေးရပြီး အချိန်ကျော်လွန်ပါက အတိုးနှုန်း ၁ ကျပ်နှုန်းဖြစ်သွားကာ နောက်နှစ်ရာသီချိန်မှာ ချေးငွေထပ်ချေးရမယ့်အချိန်ကျမှသာ ပြန်လည်ပြီး အကုန်ပေးဆပ်တာမျိုးတွေ ရှိတယ်လို့ ဘဏ်က တာဝန်ရှိသူတွေက ဆိုပါတယ်။ေ
ဘုရားကြီးကုန်းကျေးရွာနေ ကိုဇော်မျိုးအောင်က "ကျနော်တို့က မဆပ်ရသေးဘူး၊ နွေစပါးပေါ်မှ ပေါင်းဆပ်မှာ၊ အပြင်ကယူရရင် အတိုးနှုန်းက များတယ်လေ၊ ဒီကဆိုရင်တော့ ဒဏ်ကြေးလောက်ပဲဆောင်ရတော့ အများကြီးသက်သာလို့ နွေစပါးပေါ်ရင်တော့ အကုန်ပြန်ဆပ်မှာပါ" လို့ ပြောပါတယ်။
လယ်သမားအများစုအနေနဲ့ ၁ ဧကကို ၁ သိန်းခွဲချေးငွေရရှိပြီး လက်ရှိစိုက်ပျိုးချိန်မှာ ကုန်ကျ စရိတ်ငွေ ၃ သိန်းအထိရှိနေကာ မိုးစပါးပေါ်ချိန်မှာလည်း စပါးစျေး အေးခဲ့တာကြောင့် နွေးစပါး စိုက်ပျိုးပြီး စပါးပေါ်ချိန်မှာ ပိုထွက်လို့ စရိတ်ပိုတဲ့အချိန်မှာ ပြန်လည်ပေးဆပ်သွားမလို့ လယ်သမားအများစုက ဆိုပါတယ်။
၂၀၁၉ ခုနှစ်အတွင်း လယ်သမားများချေးယူထားတဲ့ စိုက်ပျိုးစရိတ်ချေးငွေမှာ လာမယ့် ဧပြီလ လယ်ပိုင်း အချိန်စေ့မှာဖြစ်ပြီး ၂၀၁၉ ခုနှစ် ဆောင်းစပါးစိုက်ပျိုးစရိတ်ချေးငွေကို အောက်တို ဘာနဲ့ ဒီဇင်ဘာလအတွင်း တောင်သူလယ်သမား ၁၇၈၈၅၉ ဦးကို ငွေကျပ် ၁၃၁ ဘီလီယံ ထုတ်ချေးထားတယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
မင်းထက်မုန်း (ပုသိမ်)