ကျောက်ဖြူ လေယာဉ်ကွင်းအတွင်း ပေါက်ကွဲမှုတခုဖြစ်၊ လူငယ်တဦး ထိခိုက်ဒဏ်ရာရ
DVB
·
March 22, 2020
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ လေယာဉ်ကွင်းမှာ မတ်လ ၂၁ ရက် ညနေက ပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့တာကြောင့် လူငယ်တဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။
အဲဒီနေ့ညနေက ၉ တန်းကျောင်းသားတွေဖြစ်တဲ့ မောင်ဇော်နိုင်၊ မောင်မင်းခန့်သူနဲ့ မောင်သက်ပိုင်ထွန်းတို့ သုံးဦးဟာ လေယာဉ်ကွင်းအနောက်ဘက် ခြံစည်းရိုးနားက လေယာဉ်ပြေးလမ်းပေါ်မှာ ဒေသန္တရလက်လုပ်မိုင်းအဟောင်းတလုံးကို တဦးနဲ့တဦး ပစ်ဖမ်းတမ်း ဆော့ကစားနေရာမှ လေယာဉ်လမ်းပေါ် ကျရောက်ခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။
ပေါက်ကွဲမှုကြောင့် မောင်ဇော်နိုင်မှာ ဝဲမျက်ခုံး၊ ယာပေါင်၊ ဝဲပေါင်၊ ယာလက်ဖျံ၊ ယာလက်သူကြွယ်တို့မှာ ပေါက်ပြဲဒဏ်ရာတွေ(မစိုးရိမ်ရ)ရရှိပြီး ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
ပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်လို့ အသေးစိတ်သိရှိနိုင်ဖို့ ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့မှူးကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။