Home
မြန်မာသတင်း
ကိုရိုနာလူနာတွေ့ပါက ထားရှိရန် တိုက်ခန်း ၅၀၀ အသင့်ပြင်ထားဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော
DVB
·
March 21, 2020
ကမ္ဘာအနှံ့မှာ ကူးစက်ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် COVID-19 အတည်ပြုလူနာ ရန်ကုန်မြို့မှာ တွေ့လာရင် သီးသန့်ထားဖို့ တိုက်ခန်းပေါင်း ၅၀၀ ပြင်ဆင်ထားတယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောပါတယ်။  လက်ရှိအတည်ပြုလူနာ မရှိသေးချိန်မှာတော့ စောင့်ကြည့်လူနာတွေနဲ့ ရောဂါဖြစ်ပွားတဲ့ နိုင်ငံတွေက ပြန်လာသူတွေကို ၁၄ ရက်စောင့်ကြည့်ဖို့ ဝေဘာဂီဆေးရုံကို အဓိကထားရှိပြီး နေရာမလောက်ခဲ့ပါက  တောင်ဥက္ကလာပ အမျိုးသမီးနဲ့ကလေးဆေးရုံ၊ လှည်းကူးမြို့နယ်က စုပေါင်းရုံး၊ သိမ်ဖြူခန်းမ စတဲ့နေရာတော်တော်များများမှာ သတ်မှတ်ထားရှိမှာပါ။  အဲဒီနေရာတွေနဲ့ မလုံလောက်ပါက အခြေခံပညာကျောင်းတွေ ပိတ်ချိန်ဖြစ်လို့ ကျောင်းတွေမှာပါ ထားဖို့ ရည်ရွယ်တာတွေ ရှိနေတယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။ “အခုအချိန်အထိ ရန်ကုန်မှာ ကူးစက်သူ လုံးဝမရှိသေးဘူးလို့ ပြောရမှာဖြစ်ပါတယ်။ တကယ်လို့ ကူးစက်ရောဂါဖြစ်လာရင် ရန်ကုန်တိုင်းမှာ ဘယ်လိုပြင်ဆင်ထားသလဲဆိုရင် ကျနော်တို့ ရွေးချယ်ထားပါတယ်။ သီးသန့်ခွဲထားနိုင်ဖို့အတွက် တိုက်ခန်း ၅၀၀ လောက်ကို အဆင်သင့် ပြင်ဆင်ထားပါတယ်။ အဲဒီတိုက်ခန်းတွေကလည်း အဆင့်မြင့်တိုက်ခန်းတွေဖြစ်လို့ ကွန်ဒိုလိုတိုက်ခန်းမျိုးတွေမှာ သီးသန့်ခွဲပြီး စောင့်ကြည့်နိုင်ဖို့ ကြိုးစားနေပါတယ်။ အခုက  ဝေဘာဂီမှာ အနည်းစုလောက်ပဲ ဖြစ်နေသေးတယ်။ ကျနော်တို့ လက်လှမ်းမီနိုင်တဲ့ အခြေအနေမှာပဲ ရှိပါ‌သေးတယ်။” လတ်တလောမှာ တောင်ဥက္ကလာပအမျိုးသမီးနဲ့ကလေးဆေးရုံမှာ သီးသန့်စောင့်ကြည့်လူနာ ၅၀ ကျော်ရှိနေပြီး နေရာ မလုံလောက်ခဲ့ရင် လှည်းကူးမြို့နယ်က စုပေါင်းရုံးခန်းမမှာ လူ ၁၅၀ ပမာဏ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကို ဆိုးရွားစွာဖြစ်စေလို့  အသက်အန္တရာယ်ရှိတဲ့ ပြင်းထန်လူနာတွေကို ကုပေးနိုင်မယ့် Isolated Room တွေမှာ အသက်ရှူစက်တွေထားရှိပြီး ရန်ကုန်မြို့က ခုတင် ၂၀၀ ဆေးရုံတိုင်းမှာ အသက်ရှူစက် ၄ ခုစီနဲ့ ခုတင် ၁၀၀ ဆေးရုံတွေမှာ အသက်ရှူစက် ၂ လုံးစီ ထားရှိပေးတယ်လို့ ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထွန်းမြင့်က ပြောပါတယ်။ “အရေအတွက်က ခုတင် ၂၀၀ ရှိတယ်။ အိုင်စီယူ bed ၄ ခု ရှိတယ်။ ခုတင် ၁၀၀ ကို အိုင်စီယူ bed ၂ လုံး၊ ခုတင် ၂၀၀ တိုင်းမှာ အသက်ရှူစက် ၄ လုံး ရှိတယ်။ မြို့နယ်ဆေးရုံတွေမှာ PUI ထားပြီ။ Comfirm case ဖြစ်ရင် ဝေဘာဂီကို ပို့မယ်။ ဝေဘာဂီမှာ မလောက်ဘူးဆိုရင် တခြားနေရာတွေလည်း လုပ်ထားပြီ။” ရန်ကုန်မြို့က မြို့နယ်ဆေးရုံတွေမှာလည်း အသက်ရှူမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်လာရင် သီးသန့်ထားကုပေးနိုင်မယ့် Isolated Room နဲ့ အထူးကြပ်မတ်ကုသဆောင် ICU ၄ ခန်းစီ ထားရှိတယ်လို့ ဆိုပါတယ်။  မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ မရှိသေးပေမယ့် ဇန်နဝါရီလ ၃၁ ရက်ကနေ မတ် ၂၀ ရက်အထိ စောင့်ကြည့်လူနာတွေထဲက တခြားရောဂါတွေကြောင့် သေဆုံးသူ ၁၀ ဦး ရှိပါတယ်။  မေစု
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024