ပုသိမ်ဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် သမ္မတက သိန်း ၅၀ လှူဒါန်း
DVB
·
March 21, 2020
ဧရာဝတီတိုင်း ပုသိမ်ဆေးရုံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ရေးလုပ်ငန်းတွေ အတွက် သမ္မတဦးဝင်းမြင့်နဲ ဇနီးဒေါ်ချိုချိုတို့မိသားစုက ငွေကျပ်သိန်း ၅၀ ဒီနေ့မနက် လာလှူတယ်လို့ ပုသိမ်မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က ဒီဗွီဘီကို ပြောပါတယ်။
သမ္မတကြီးဦးဝင်းမြင့်နှင့်ဇနီးဒေါ်ချိုချို မိသားစုက ပုသိမ်ဆေးရုံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ရေးလုပ်ငန်းအတွက် အကြောဆေးသွင်းစက် ၂ လုံး၊ ဆေးထိုးစက် ၂ လုံးနဲ့ အောက်ဆီဂျင်စက် ၁ လုံးတို့ ဝယ်ယူဖို့ ကျပ်ငွေသိန်း ၅၀ လာရောက်လှူဒါန်းခဲ့တာလို့ ဆိုပါတယ်။
နိုင်ငံတော်သမ္မတဦးဝင်းမြင့်ရဲ့ သားသမက် ဦးစိုးမိုးက “ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး တတပ်တအားပေါ့၊ ဆေးရုံမှာလည်း အကုန်မပြည့်စုံဘူးလေ၊ ကြိုတင်အစီအမံလုပ်တဲ့အခါမှာ လိုအပ်တဲ့စက်ပစ္စည်းတွေဝယ်လိုရအောင် နိုင်ငံတော်သမ္မတမိသားစုနဲ့မိတ်သင်္ဂဟတွေက အမြဲစုထားတဲ့ ပိုက်ဆံထဲကနေ လာလှူတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ပုသိမ်မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က “လိုနေသေးတာတော့ အသက်ရှူစက်ပေါ့။ ကျနော်တို့ဆီကို ပစ္စည်းမရောက်သေးတာပါ။ လှူမယ်လို့ ကျနော့်ကို ပြောထားတဲ့သူလည်း ရှိနေပါတယ်။ ရှေ့တပတ်ကျရင် ကျနော်တို့ ဆေးရုံအနေအထားက COVID-19 အတွက် အတိုင်းအတာတခုတော့ အဆင့်သင့်ဖြစ်မယ်လို့ ယူဆပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒီနေ့အထိ ဓာတ်မှန်စက် ၁ လုံး၊ ICUမှာသုံးတဲ့ ကုတင် ၆ လုံး၊ လူနာစောင့်ကြည့်စက်၊ ချွဲစုပ်စက်၊ အကြောဆေးသွင်းစက်၊ ဆေးထိုးစက် စတာတွေ ရရှိထားပြီးဖြစ်တယ်လို့ သိရှိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရကလည်း ကျန်းမာရေးဌာနကို ကျပ်သိန်း ၁၀၀၀ ထောက်ပံ့ပေးထားတယ်လို့ သိရှိရပါတယ်။
ပုသိမ်ဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကုသနိုင်ဖို့အတွက် သီးသန့်ခန်းမှာ ကုတင် ၆ လုံး ပြင်ဆင်ထားပြီး ကုတင်အတွက် လိုအပ်တဲ့ ပစ္စည်းတွေကိုလည်း လာရောက်လှူဒါန်းမှုတွေ ရှိတယ်လို့ ပုသိမ်ဆေးရုံအုပ် ဒေါက်တာသန်းမင်းထွဋ်က ပြောပါတယ်။