မင်းဘူး-ပဒါန်း ကားလမ်းပေါ်တွင် အထောက်ထားမဲ့ ဘင်္ဂါလီ ၆ ဦး ဖမ်းဆီးရမိ
DVB
·
March 21, 2020
မကွေးတိုင်း၊ မင်းဘူး-ပဒါန်း ကားလမ်းပေါ်မှာ မတ် ၂၁ ရက်နေ မနက်ပိုင်းက အထောက်ထားမဲ့ ဘင်္ဂါလီ အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၁ ဦး ဖမ်းဆီးမိခဲ့တယ်လို့ စကုနယ်မြေ ရဲစခန်းက ပြောပါတယ်။
အထောက်ထားမဲ့ ဘင်္ဂါလီလူမျိုးတွေ ဝင်ရောက်နေတယ်လို့ သတင်းရတဲ့အတွက် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲမှူးရုံးက ရဲအုပ်မျိုးလွင်ဦး ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့က ရှာဖွေ ဖမ်းဆီးခဲ့တာလို့ စကုနယ်မြေရဲစခန်းမှ ရဲအရာရှိတဦးက ပြောပါတယ်။
အဆိုပါ ဘင်္ဂါလီ ၆ ဦးကို ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ နေလင်းအောင်ဆိုသူက ကျောက်တော်မြို့ကနေ ရန်ကုန်မြို့ကို တဦး ၃၄ သိန်းကျပ်နဲ့ ပို့ဆောင်ပေးမယ်ဆိုပြီး ခေါ်ဆောင်လာလို့ ဆိုပါတယ်။
ကျောက်တော်မြို့နယ်ကနေ အမ်းတောင်ခြေကို စက်လှေနဲ့ထွက်ခွာလာပြီး မင်းဘူးဘက်ကို ခြေလျင်လျှောက်ခဲ့တာဖြစ်ကြောင်း ဖမ်းဆီးမိသူတွေက ထွက်ဆိုခဲ့တယ်လို့ ရဲအရာရှိက ပြောပါတယ်။
အဆိုပါ အထောက်ထားမဲ့ ဘင်္ဂါလီ ၆ ဦးကို မင်းဘူးမြို့နယ် လဝကမှာ မှတ်ပုံတင်အက်ဥပဒေနဲ့ အရေးယူထားတယ်လို့ သိရပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်း အထောက်ထားမဲ့ဝင်ရောက်လာတဲ့ ဘင်္ဂါလီတွေကို မကြာခဏ ဖမ်းဆီးမိနေတယ်လို့ သိရပါတယ်။
မင်းထီး