ချောင်းသာနှင့် ငွေဆောင် ပိတ်၊ မပိတ် အခြေအနေကြည့် ဆုံးဖြတ်မည်
DVB
·
March 21, 2020
ဧရာဝတီတိုင်းအတွင်းက ချောင်းသာ၊ ငွေဆောင်ကမ်းခြေတွေ သင်္ကြန်ကာလ ပိတ်၊ မပိတ်ကို အခြေအနေတွေပေါ် မူတည်ပြီး တိုင်းဒေသကြီးအစိုးရက ဆုံးဖြတ်ဆောင်ရွက်သွားမယ်လို့ စည်ပင်သာယာရေးဝန်ကြီးက ပြောပါတယ်။
“လောလောဆယ်တော့ ပိတ်ဖို့ မဆုံးဖြတ်သေးပါဘူး။ ဖြစ်ပေါ်လာတဲ့ သတင်းအချက်အလက်တွေပေါ်မှာ မူတည်ပြီးတော့ သင်္ကြန်ကာလမှာ ငွေဆောင်၊ ချောင်းသာကို လာရောက်မယ့် ဧည့်သည်တွေ များပြားမှုအပေါ်မူတည်ပြီး ကျနော်တို့ ခရီးစဉ်ကို ရပ်ဆိုင်းသင့်ရင် ရပ်ဆိုင်းမယ်လို့ စဉ်းစားထားတဲ့အချက်ပဲ ရှိတယ်” လို့ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ဒီဗွီဘီကို ပြောပါတယ်။
ရောဂါမကူးစက်အောင် ကာကွယ်တဲ့လုပ်ငန်းအပြင် တိုင်းပြည်ယန္တရား စီးပွားရေး၊ လူမှုရေး ထိခိုက်ရပ်တန့်သွားမယ့် ကြီးကြပ်မှုလွန်ကဲတဲ့ကိစ္စမျိုးလည်း ရှောင်ရှားရမယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းအတွင်း ကမ်းခြေတွေကို လာရောက်သူတွေရဲ့ ခရီးစဉ်မှတ်တမ်းတွေ ချိတ်ဆက်ကောက်ယူပြီး အမည်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ ရောက်လာချိန် ပြန်ချိန်တွေကို မှတ်တမ်းရယူဖို့ အုပ်ချုပ်ရေး၊ ပို့ဆက်ဦးစီးဌာနများကို လမ်းညွှန်ထားတယ်လို့ သိရပါတယ်။
ပုသိမ်မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က “တတ်နိုင်သမျှ လူစုလူဝေး မလုပ်ဖို့ တရားပွဲတွေကအစ မေတ္တာရပ်ခံတယ်၊ ဘာသာရေးပွဲတွေ မေတ္တာရပ်ခံတယ်၊ တရားပွဲလို ဘာသာရေးပွဲတွေတောင် မေတ္တာရပ်ခံတဲ့အခါကျတော့ ဒီလို ကမ်းခြေမှာ လူစုလူဝေးနဲ့သွားတာကိစ္စ မလုပ်သင့်ဘူးလို့ မြင်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ကျန်းမာရေးဌာနအနေနဲ့ပြောရရင် လူစုလူဝေးမလုပ်ဖို့အတွက် တရားဝင်စာ ထုတ်ပြန်ထားပြီး လူစုလူဝေးလုပ်တာဟာ ရောဂါပျံ့နှံ့မှုအတွက် အခွင့်အရေးပို များပါတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် မဖြစ်ပွားအောင် ကာကွယ်သင့်တဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ကျန်းမာရေးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေး၊ ဟိုတယ်ခရီးသွားရေးဌာနတို့ မတ် ၂၀ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး အစိုးရရုံးမှာ အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။
ဘက်စုံလူမှုကူညီရေးအဖွဲ့(ပုသိမ်)မှ ဆရာတော် ဘဒ္ဒန္တစန္ဒာသီရီက “ကျောင်းပိတ်ရက် ရုံးပိတ်ရက် ဌာနဆိုင်ရာအသီးသီး ပိတ်ရက်တွေဆိုတော့ အဲဒီရက်မျိုးတွေမှာ ပင်လယ်ကမ်းခြေတွေမှာ ချောင်းသာတို့၊ ငွေဆောင်တို့၊ ငပလီတို့ စသဖြင့် ကမ်းခြေတွေမှာ လူစုလူဝေးတွေသွားပြီး ဖြစ်မယ်၊ အဲဒါကိုတော့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေအနေနဲ့ ကြေညာချက်ထုတ်မှ ရမယ်” လို့ ဒီဗွီဘီကို မိန့်ပါတယ်။
မြန်မာနိုင်ငံမှာ လူစုလူဝေးနဲ့ကျင်းပတဲ့ အခမ်းအနားတွေ၊ သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ကျင်းပတာ အပါအဝင် ပွဲလမ်းသဘင်တွေကို ဧပြီလ ၃၀ ရက်နေ့ထိ မကျင်းပဘဲ ရပ်ဆိုင်းထားဖို့ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားတာပါ။
နိုင်ငံတဝန်း ရုပ်ရှင်ရုံတွေ၊ နိုက်ကလပ်နဲ့ ကေတီဗွီတွေလည်း ပိတ်ဖို့ ညွှန်ကြားထားပါတယ်။