Homeမြန်မာသတင်း
ပုဏ္ဏားကျွန်းမြို့နယ်၌ လက်နက်ကြီးကျည်မှန်ပြီး ရှင်ပြုအလှူရှင်မိသားစုဝင် ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရ
ပုဏ္ဏားကျွန်းမြို့နယ်၌ လက်နက်ကြီးကျည်မှန်ပြီး ရှင်ပြုအလှူရှင်မိသားစုဝင် ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရ
ဝဏ္ဏခွာညို
·
March 20, 2020
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ သဲတက်ကျေးရွာအုပ်စု၊ လက်မဆိပ်ကျေးရွာကို တပ်မတော်ရေတပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရှင်ပြုအလှူရှင်ရဲ့ ညီမဖြစ်သူသေဆုံးခဲ့ပြီး မောင်ရှင်လောင်းတဦးလည်း ခြေထောက်ဒဏ်ရာရရှိသွားပါတယ်။
ကုလားတန်မြစ်ကြောင်းအတိုင်းတက်လာတဲ့ တပ်မတော်ရေတပ်ကနေ မတ်လ ၁၉ ရက်ညက လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်လိုက်လို့ ညတရားပွဲကိုရပ်တန့်ပြီး နီးစပ်ရာ စာသင်ကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်းကိုဝင်ပုန်းခဲ့ကြရတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
သဲတက်ကျေးရွာကသေဆုံးသွားသူရဲ့ မိသားစုဝင်တဦးဖြစ်တဲ့ ဦးထွန်းလှစိန်က “ကုလားတန် မြစ်ကြောင်းတလျှောက်တပ်မတော်နေဗီကနေ သုံးလေးချက်ပစ်တယ်။ ကျနော်တို့ တရားနာနေ ကြတာကို ရပ်လိုက်တယ်။ ပြီးတော့ အကုန်မီးတွေမှိတ်၊ ပြီးတော့ ကိုယ်စီကိုယ်စီ ထွက်ပြေးကြတယ်။ စာသင်ကျောင်းပြေးကြတယ်။ ဘုန်းကြီးကျောင်းတွေကိုပြေးကြတယ်။ အဲ့ဒီလိုပုန်းနေတဲ့အချိန်မှာ နေဗီကနေ လက်နက်ကြီးတွေနဲ့ တရစပ် လှမ်းပစ်တယ်။ အဲ့ဒီမှာပုန်းနေတဲ့ဒေါ်အေးမြစိုးကို လက်နက်အစကြီးဝင်သွားတယ်။ အဲ့ဒီနေရာမှာ ပဲသေတယ်။”လို့ ပြောပါတယ်။
ဒေါ်အေးမြစိုးဟာ စာသင်ကျောင်းထဲမှာပုန်းခိုနေစဉ်မှာ လက်နက်ကျည်စဝမ်းဗိုက်အောက် ဝင်ပြီးနေရာမှာသေဆုံးခဲ့သလို နွား ၁၃ ကောင်ဆိုရင်လည်း လက်နက်ကြီးတွေကျတာကြောင့် ထိခိုက်ဒဏ်ရာရပြီး ၃ ကောင် သေဆုံးသွားတယ်လို့ ကျေးရွာသားတွေကပြောဆိုပါတယ်။
ရောင်စုံကျေးရွာအုပ်ချုပ်ရေးမှူးက “ကျနော်ရွာနဲ့ဆိုရင် အဲ့ဒီရွာနဲ့ ၂ မိုင်လောက်ပဲ ဝေးပါတယ်။ နေဗီကနေပစ်ခတ်လိုက်တဲ့ အချိန်မှာလည်း ကျနော်က အဲ့ဒီ(လက်မဆိပ်) ရွာကိုရောက်နေတယ်။ ညတရားနာနေတဲ့အချိန် ပစ်ခတ်သံကြားလို့ အကုန်ရပ်တန့် လိုက်ကြတယ်။ အဲ့ဒီမှာ နေဗီက နေမနားတမ်း ပစ်ခတ်မှုတွေလုပ်တယ်။ မိနစ် ၂၀ လောက်ဒီလို ပစ်ခတ်မှုတွေ လုပ်တယ်။ စာသင်ကျောင်းနားမှာ နွားခြံတခုရှိတယ်။ အဲ့ဒီမှာကျတဲ့လက်နက်ကြီးကျည်စက အဲ့ဒီ အမျိုးသမီးကိုထိသွားပြီး သေတယ်။ အဲ့ဒီမှာနွားတွေလည်း သေတယ်။ နေအိမ်တလုံးလည်း မီးလောင်သွားတယ်”လို့ ပြောပါတယ်။
ရှင်ပြုပွဲအလှူလာကြတဲ့ကျေးရွာသားတွေဟာ ပစ်ခတ်မှုတွေကြောင့် မောင်ရင်လောင်း ဆံမချမီအချိန်မှာ ကြောက်လန့်ထွက်ပြေးသွားတယ်ကျေးရွာသားတွေက ပြောပါတယ်။
အလှူရှင်မိသားစုဝင် ဒေါ်မညွှန်သိန်းက “ဒီလိုဖြစ်သွားတာတော့ တော်တော်ကိုလည်း ဝမ်းနည်းတယ်။ ဒီလူတွေတော်တော်တော်ကို ရက်စက်တယ်။ ဒီလိုလူမဆန်တဲ့ လုပ်ရပ်တွေ၊ အဓိပ္ပါယ် တစက်မှမရှိဘူး။ ဝဋ်မလည်ပါနဲ့လို့ ပြောမယ်။”လို့ ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “အရပ်သားတွေကို ဒီလိုရမ်းသမ်းပြီး ပစ်ခွင့်မရှိဘူးလေ။ နိုင်ငံတကာဥပဒေလည်းရှိတယ်။ မြန်မာနိုင်ငံ တည်ဆဲဥပဒေလည်းရှိတယ်။ လက်နက်ကိုင်တဲ့အာဏာပိုင်တွေကကာကွယ်ပေးဖို့ပဲ တာဝန်ရှိတယ်။ ဒါကိုနိုင်ငံတော်က ကြီးကြပ်ပေးရမယ်။ တခါလည်းမဟုတ်၊ နှစ်ခါလည်း မဟုတ်တော့ဘူး။ ဒါကိုအစိုးရလည်း တားဆီးပေးသင့်တယ်။”လို့ ပြောပါတယ်။
သေဆုံးသူ ဒေါ်အေးမြစိုးအသက် ၂၇ နှစ်ဟာ ကိုရင်လောင်းတွေရဲ့အဒေါ်ဖြစ်ပြီး ထိုင်းနိုင်ငံကနေ ရောက်ရှိနေတာ ၃ ရက်သာရှိပါသေးတယ်။ ကိုယ်ရင်လောင်း မောင်ဦးကျော်ဝင်းကတော့ ညာဘက်ခြေသလုံး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီး ဝင်းဇော်ဦးနဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့ကို ဖုန်းနဲ့အကြိမ်အကြိမ် ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။