COVID-19 ဗိုင်းရပ်စ်ရောဂါ ထိန်းချုပ်ရန် အာဖရိကနိုင်ငံများတွင် လုံခြုံရေးတပ်ဖွဲ့များ ကင်းလှည့်

အာဖရိကနိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ရေးအတွက် လမ်းတွေပေါ်မှာ လုံခြုံရေးတပ်ဖွဲတွေ ကင်းလှည့်နေပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံ ၆ ယောက်ရှိတယ်လို့ အတည်ပြုထားတဲ့ အိုင်ဗရီကို့စ်နိုင်ငံမှာ ဗိုင်းရပ်စ် ကူးစက်မှုရပ်တံ့ရေးအတွက် အစိုးရရဲ့ဆုံးဖြတ်ချက်အရ မြို့တော်အဘစ်ဂျန်ကို ရောက်လာတဲ့ အဲရ်ဖရန့် လေကြောင်းလိုင်းက ခရီးသည်တွေအားလုံး မတ်လ ၁၇ရက်က ရောဂါခြေချုပ်ဌာနဆီ ခေါ်သွားတာ ခံခဲ့ရပါတယ်။ ဗိုင်းရပ်စ် ကူးစက်ကြောင်း အတည်ပြုခံရသူ အယောက် ၁၀၀ ကျော်ရှိတဲ့ နိုင်ငံတွေကနေ လာတဲ့လေကြောင်းခရီးစဉ်အားလုံးကို ရပ်ဆိုင်းမယ်လို့ ကျန်းမာရေးဝန်ကြီး အာခေ အောင်အယ်လေက ပြောပါတယ်။ ရောဂါခြေချုပ်ဌာနထဲမှာ နေနေရတဲ့ ခရီးသည် နှစ်ယောက်ရဲ့ ဆွေမျိုးတော်စပ်သူကတော့ အထဲမှာ စားစရာ မရှိသလို အခြေအနေ မကောင်းဘူးလို့ ရိုက်တာ သတင်းဌာနကို ပြောပါတယ်။  ရောဂါကူးစက်မှုထိန်းချုပ်ရေး လုပ်ဆောင်ချက်တွေကို အိုင်ဗရီကို့စ်အစိုးရက မတ်လ ၁၆ရက်မှာ ထုတ်ပြန် ကြေညာထားပြီး တကိုယ်ရေးသန့်ရှင်းရေး ထောက်ခံချက်တွေကို တင်းတင်းကြပ်ကြပ် လိုက်နာဖို့၊ လူတယောက်နဲ့ တယောက် တမီတာခြားပြီး နေကြဖို့ကိုလည်း ဆော်သြနေပါတယ်။ တူနီးရှား နိုင်ငံကတော့ မတ်လ ၁၈ရက်က စပြီး ညနေ၆နာရီကနေ မနက် ၆နာရီထိ ညမ ထွက်ရ နေဝင်မီးငြိမ်း အမိန့် ထုတ်ပြန်ထားပါတယ်။ ကူးစက်ခံ ၂၄ ယောက်ရှိကြောင်း အတည်ပြုအပြီးမှာ ဗလီတွေ၊ ကော်ဖီဆိုင်တွေနဲ့ ဈေးတွေ အပြင် နယ်စပ်တွေကိုပါ ပိတ်ကြောင်း တူနီးရှားအစိုးရက ကြေညာခဲ့ပါတယ်။ နိုင်ငံတကာလေကြောင်းခရီးစဉ်တွေကိုလည်း ဆိုင်းငံ့ခဲ့ပြီး ပြည်သူတွေ အိမ်ထဲမှာပဲ နေကြဖို့နဲ့ နေ့ခင်းအချိန်မှာလဲ လှုပ်ရှားသွားလာမှု ရှောင်ရှားကြဖို့ သမ္မတက ပြည်သူတွေကို တိုက်တွန်းပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုရပ်တံ့ရေး အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို လေးစားတဲ့အနေနဲ့ လူတွေစုဝေး အုပ်ဖွဲ့တာတွေ ကန့်သတ်ကြဖို့ ဝန်ကြီးချုပ်က မတ်လ ၁၆ ရက်မှာ တိုက်တွန်းထား ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up