Homeမြန်မာသတင်း
ဖွဲ့စည်းပုံပြင်နိုင်ရေး အန်အယ်လ်ဒီနှင့် တပ်မတော် သဟဇာတဖြစ်ရန်လိုဟု တိုင်းရင်းသားအမတ်များ သုံးသပ်
ဖွဲ့စည်းပုံပြင်နိုင်ရေး အန်အယ်လ်ဒီနှင့် တပ်မတော် သဟဇာတဖြစ်ရန်လိုဟု တိုင်းရင်းသားအမတ်များ သုံးသပ်
DVB
·
March 19, 2020
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့အတွက် ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ အာဏာရပါတီနဲ့ တပ်မတော်တို့က ခေါင်းဆောင်တွေအကြား သဟဇာတဖြစ်ဖို့က အဓိက လိုအပ်ချက်ဖြစ်တယ်လို့ တိုင်းရင်းသားပါတီတွေက လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆန္ဒမဲပေးမှုတွေကိုဆောင်ရွက်နေတာဟာ ဒီနေ့မတ်လ ၁၉ ရက်နေ့မှာ ၈ ရက်မြောက်ခဲ့ပြီဖြစ်ပါတယ်။
၈ ရက်မြောက်ပြီးစီးသွားချိန်အထိ ပုဒ်မ၊ပုဒ်မခွဲငယ်ပေါင်း ၁၂၁ ခုအတွက် ဆန္ဒမဲပေးခဲ့ ကြရာမှာ အချက် ၄ ချက်သာ ၇၅ ရာခိုင်နှုန်းကျော်ထောက်ခံမှုရရှိပြီး ပြင်ဆင်နိုင်ရေးဆက် လုပ်နိုင်မှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် အန်အယ်လ်ဒီပါတီဦးဆောင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်ရေး လုပ်ငန်းစဉ်ဟာ မအောင်မြင်ဘူးလို့ ယူဆရမှာဖြစ်ပြီး ဖွဲ့စည်းပုံကို အောင်အောင်မြင်မြင် ပြင်ဆင်နိုင်ဖို့အတွက် အာဏာရပါတီနဲ့ တပ်မတော်တို့အကြား အဆင်ပြေနေဖို့လိုအပ်တယ်လို့ ရခိုင် အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။
“ဒီသက်တမ်းကုန်သွားရင်လည်း နောင်လာမယ့် ပြည်ထောင်စုလွှတ်တော်ကို ရောက်လာ ရင်လည်း ဖွဲ့စည်းပုံကို ပြင်ဖို့ ဒီလွှတ်တော်ကပဲ ကြိုးစားကြရဦးမှာပါ။အဲ့ဒီတော့ ဖြစ်သော်ရှိ မဖြစ်သော်ရှိ အကုန်လုံးဝိုင်းဝန်းပြီး ကြိုးစားကြရမှာဖြစ်ပါတယ်။ အဲ့ဒီတော့ ဒီ ၇၅ ရာခိုင်နှုန်း ကျော်အောင် ဘယ်လိုလုပ်ကြမလဲဆိုတာကိုတော့ စဉ်းစားရပါလိမ့်မယ်။ အဲ့ဒီတော့ ၇၅ ရာခိုင်နှုန်းမှာ ရှိတဲ့ခေါင်းဆောင်နဲ့ ဒီဘက်က အနိုင်ရအုပ်စုက ခေါင်းဆောင်နဲ့ သဟဇာတဖြစ်ဖို့၊ အမျိုးသားရင်ကြားစေ့ဖို့ လိုပါတယ်။ အဲ့ဒီနှစ်ယောက်ပူးပေါင်းပြီးမှ သူတို့တွေက လုပ်ပေးမှ ဒီဖွဲ့စည်းပုံကို ပြင်ဆင်နိုင်လိမ့်မယ်လို့ အန်တီတို့အနေနဲ့ မြင်မိပါတယ်” လို့ ဒေါ်ခင်စောဝေက ပြောပါတယ်။
အခုလက်ရှိ ဖွဲ့စည်းပုံပြင်ဆင်ရေးကို အန်အယ်လ်ဒီပါတီက ဦးဆောင်ပြီး ဆောင်ရွက်တယ်ဆို ပေမယ့် အတိုက်အခံပါတီ ကြံ့ခိုင်ရေးနဲ့ တပ်မတော်တို့ကလည်း ပြင်ဆင်ချက်တွေ တင်သွင်းခဲ့ ပါသေးတယ်။ အန်အယ်လ်ဒီက တင်သွင်းတဲ့ ပြင်ဆင်ချက်တွေကို ကြံ့ခိုင်ရေးနဲ့ တပ်ဘက်က မထောက်ခံခဲ့သလို တပ်နဲ့ကြံ့ခိုင်ရေးကတင်တဲ့ ပြင်ဆင်ချက်တွေကိုလည်း အန်အယ်လ်ဒီ ကိုယ်စားလှယ်တွေက ထောက်ခံခြင်းမရှိခဲ့ပါဘူး။
၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှုရရှိခဲ့တဲ့ အချက် ၄ ချက်ကလည်း နိုင်ငံရေးအရ အရေးပါတဲ့ ပုဒ်မတွေ မဟုတ်တာကြောင့် ဒီတစ်ခေါက်ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ ထူးခြားမှု မရှိတဲ့ ပြင်ဆင်ရေးသာ ဖြစ်တယ်လို့ ဇိုမီးဒီမိုကရက်တစ်ပါတီက ဦးခမ်ခန့်ထန် က ပြောပါတယ်။
“မထူးခြားဘူးလို့ပဲ ခံယူထားတယ်။ အဲ့ဒါကြောင့် ဒီလောက်အထိလည်း စိတ်မဝင်စားဘူး။ ဒီတိုင်းပဲသွားနေမယ် ဆိုတာလည်း သိပြီးသား။ ပထမဆုံးပြင်ဆင်နိုင်တယ်ဆိုတဲ့ဟာလည်း ဒီမသန်မစွမ်းဆိုတဲ့ ကိစ္စကလည်း မဆိုင်ဘူးလေ။ ဒီနိုင်ငံရေးလမ်းစဉ်နဲ့ မဆိုင်ဘူး။ တကယ့် အဓိကအချက်တွေက မပါဘူးဆိုတော့ ဒါက ဒါပဲဖြစ်မှာ။ ၂၀၂၀ နောက်ပိုင်းကျမှ တိုင်းရင်းသားတွေ အားကောင်းလာမယ်။ ဥပမာသဘော ဒီပါတီကြီးတခုအနေနဲ့ အစိုးရမဖွဲ့ဘူး။ ညွှန့်ပေါင်းအစိုးရတွေ ဘာတွေ ဖွဲ့လာလို့ တမျိုး မျှော်လင့်ချက်များရှိမလားပေါ့နော်။ ဒီတိုင်းပဲဆိုရင်တော့ ဘာမှ မထူးခြားပါဘူး” လို့ ဦးခမ်ခန့်ထန် က ပြောပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်ခြင်း လုပ်ငန်းစဉ်တွေဟာ မတ်လ ၂၀ ရက်နေ့မှာ ဆိုရင် ပြီးစီးတော့မှာပါ။
မတ်လ ၂၀ ရက်မှာ ပြုလုပ်မယ့် အစည်းအဝေးအတွင်းမှာတော့ ပုဒ်မ ၄၃၆ (ခ)ခေါင်းစဉ်အောက်ရှိ ဆန္ဒမဲလက်မှတ် ၅ ပါ အချက် ၁၄ ချက်ကို လွှတ်တော်ကိုယ်စားလှယ်တွေက ဆန္ဒမဲပေးကြရမှာလည်း ဖြစ်ပါတယ်။
ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)