Home
မြန်မာသတင်း
ဟိန္ဒူဒုက္ခသည်များ မိုးမကျမီ နေအိမ်အတည်တကျရရှိရန် လိုအပ်နေ  
DVB
·
March 19, 2020

ရခိုင်ပြည်နယ်၊ မောင်တောမြို့ပေါ် ကညင်တန်းဒုက္ခသည်စခန်းရှိ နောက်ဆုံးလက်ကျန် ဟိန္ဒူဒုက္ခသည် အိမ်ထောင်စု ၆၆ စု လူဦးရေ ၂၀၀ ကျော်ဟာ လာမယ့်မိုးမကျမီ နေအိမ် အတည်တကျ လိုအပ်နေတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

"မကြာခင်က နယ်လုံဝန်ကြီးနဲ့တွေ့ချိန်မှာတော့ နေအိမ်တွေ ဆောက်လုပ်ဖို့ ကုမ္ပဏီတွေကို အပ်ထားပြီလို့တော့ ပြောပေမယ့် ခုထိဘာမှလုပ်တာတော့ မတွေ့သေးပါဘူး။ဒီနှစ်မိုးမကျမီ နေအိမ်တွေအတည်တကျ လိုချင်တာပေါ့။" လို့ စခန်းတာဝန်ခံ ဦးနီမောင်က ဆိုပါတယ်။

 ကညင်တန်းဟိန္ဒူဒုက္ခသည်စခန်းဟာ ၂၀၁၇ မောင်တောဒေသပဋိပက္ခဖြစ်စဉ်ကြောင့် နေရပ်စွန့်ခွါထွက်ပြေးနေကြရသူတွေကို ယာယီလက်ခံထားခဲ့တဲ့နေရာဖြစ်ပြီး အဲဒီစခန်းအနီးမှာ ရွာအတည်တကျတည်ပေးပေမယ့် နေအိမ်တွေမလုံလောက်တာကြောင့် ဒုက္ခသည်တချို့ကတော့ ယာယီစခန်းမှာ လက်ဆက်နေထိုင်နေကြရတာပါ။

မောင်တောမြို့နယ် အောင်ဗလကျေးရွာအနီးမှာ အိန္ဒိယ-မြန်မာချစ်ကြည်ရေးအဖြစ် အိန္ဒိယ အစိုးရက ကျေးရွာတည်ဆောက်ပေးကာနေအိမ် ၁၄၈ လုံးလှူဒါန်းပေးခဲ့တာကလည်း ဒုက္ခသည် အိမ်ထောင်စု အကုန်လုံးကို နေရာမချထားပေးနိုင်ခဲ့ပါဘူး။

စစ်တွေမြို့မှ ရောက်ရှိလာတဲ့ ဟိန္ဒူဒုက္ခသည် အမျိုးသမီးတစ်ဦးက "ဒီမှာနေရတာက အကူအညီတွေ မရတော့သလို အလုပ်အကိုင်ကလည်း ဘာမှမရှိတော့ မိသားစုစားဝတ်နေရေးက အရမ်းခက်ခဲနေပါတယ်။ ကလေးတွေကို မုန့်တောင်မကျွေးနိုင်တာတာက များပါတယ်။ အဓိကတော့ ဝင်ငွေရမယ့် အလုပ်အကိုင်တွေပဲလိုချင်ပါတယ်။"လို့ ပြောပါတယ်။

ဒုက္ခသည်စခန်းဟာ ၂၀၁၇ ကတည်းက စတင်ခဲ့တာမို့ သုံးနှစ်ကျော်အကြာ ခုချိန်မှာတော့ အမိုးအကာတွေ ပျက်စီးနေသလို စခန်းရဲ့ခိုင်ခံလုံခြုံမှုတွေကလည်း မရှိတော့သလောက်ဖြစ်နေတာမို့ ကလေးသူငယ်နဲ့အမျိုးသမီးတွေအတွက် လုံခြုံစိတ်ချရမယ့် နေအိမ်တွေ လိုအပ်နေတာလို့လည်း ဒုက္ခသည်အမျိုးသမီးတွေက ရှင်းပြပါတယ်ေ

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာမှာတော့ ဒုက္ခသည် အမျိုးသမီးတွေ ဝင်ငွေရဖို့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးသင့်တယ်လို့ အကြံပြုထား ပါတယ်။

 

photo - Kaung Mrat Naing / MPA

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024