အရည်အချင်းရှိဝန်ထမ်းများ ရေရှည်ခန့်ထားနိုင်ရန် မြန်မာလုပ်ငန်းရှင်များအခက်တွေ့
DVB
·
March 19, 2020
မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေရဲ့ အကြီးမားဆုံးအခက်အခဲက အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေ လုပ်ငန်းခွင်မှာ ရေရှည်ထားနိုင်ဖို့ ဖြစ်တယ်လို့ စစ်တမ်းတခုမှာ ဖော်ပြပါတယ်။
ကုမ္ပဏီလုပ်ငန်းရှင် ၇၂ ရာခိုင်နှုန်းက ရုံးတွင်းပိုင်းနဲ့ပတ်သက်ပြီး သူတို့ကြုံနေရတဲ့ အကြီးဆုံး အခက်အခဲက အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေကို လုပ်ငန်းမှာရေရှည်ထားနိုင်ဖို့ဖြစ်တယ်လို့ အွန်လိုင်း အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက် JobNet က ကောက်ယူခဲ့တဲ့ စစ်တမ်းမှာ ဖြေဆိုကြတာ ဖြစ်ပါတယ်။
ဒီစစ်တမ်းဟာ လုပ်ငန်းရှင်တွေရဲ့ ရှုထောင့်ကနေ မြန်မာနိုင်ငံရဲ့ အလုပ်အကိုင်ဈေးကွက် အတွက် လိုအပ်တာတွေကို ဖော်ပြနိုင်ဖို့ ရည်ရွယ်ကောက်ယူထားတာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အလုပ်ရှာဖွေနေသူတွေ အများကြီးရှိပေမယ့် ကုမ္ပဏီတွေအနေနဲ့ သူတို့ ခေါ်ယူနေတဲ့ အလုပ်အကိုင်ရာထူးတွေအတွက် အရည်အချင်းကိုက်ညီသူတွေရဖို့ အခက်အခဲ ရှိနေပေမယ့် အလုပ်ရှာနေသူတွေရဲ့ ပညာအရည်အချင်းနဲ့ လုပ်ငန်းပိုင်းဆိုင်ရာအရည်အသွေးတွေ တိုးတက်လာတာကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။
စစ်တမ်းဖြေဆိုတဲ့ လုပ်ငန်းရှင် သုံးပုံတပုံကျော်က မြန်မာပြည်က ဝန်ထမ်းတွေနဲ့ပတ်သက်ပြီး ဦးဆောင်မှုစွမ်းရည်နဲ့ တက်တက်ကြွကြွ လုပ်ဆောင်မှုစွမ်းရည်မြှင့်တာဟာ လုပ်ငန်းခွင် စွမ်းဆောင်ရည် ပိုတိုးတက်လာဖို့ အကျိုးရှိစေမယ်လို့ အကြံပြုထားကြပါတယ်။