ကျိုင်းတုံမြို့နယ်က အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြည့်လူနာ ၁ ဦးသေဆုံး
DVB
·
March 18, 2020
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ကျိုင်းတုံမြို့နယ်က စောင့်ကြည့်လူနာ အမျိုးသား ၁ ဦး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနဲ့ မတ်လ ၁၇ ရက်က သေဆုံးခဲ့ပြီး သူ့ရဲ့ဓာတ်ခွဲနမူနာကို ရန်ကုန်က အမျိုးသား ကျန်းမာရေးဓာတ်ခွဲစစ်ဆေးတဲ့ဌာနကို ပေးပို့စစ်ဆေးဖို့လုပ်နေတယ်လို့ ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
အဆိုပါစောင့်ကြည့်လူနာအမျိုးသားဟာ ရင်ကြပ်ရောဂါရှိလို့ ကျိုင်းတုံဆေးရုံမှာ သီးခြားခွဲထား ကုသပေးနေတဲ့သူဖြစ်ပြီးမြန်မာနိုင်ငံအတွင်းမှာပဲနေထိုင်သူလို့ ဆိုပါတယ်။
ရှမ်းပြည်နယ် အရှေ့ပိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က “ရင်ကြပ်ရောဂါရှိတဲ့လူနာပါ။ ဖျားတယ်ချောင်းဆိုတယ်ဆိုတဲ့ အခါမှာ သီးခြားခွဲခြားထားတယ်။ နောက်ဓာတ်ခွဲနမူနာပို့ဖို့ စီစဉ်ဆောင်ရွက်နေတယ်။ အဲလိုဓာတ်ခွဲနမူနာ ယူပြီးတော့ မနေ့ညက ၉ နာရီခွဲလောက်က ဆုံးသွားတယ်။ မိုင်းခတ်ကလာတက်တာပါ။ သူကဘယ်မှ မသွားဘူး။ ချောင်းဆိုးတာ၊ ချမ်းတာလေးနဲ့ပဲ ရင်ကြပ်တာလည်းရှိတယ်။ နိုင်ငံခြားလည်း မသွားဘူး။ ရောဂါပိုး ရှိတဲ့လူနဲ့လည်း အနီးကပ်ထိတွေ့ဖူးခြင်းရာဇဝင်မရှိပါဘူး။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ထားတဲ့ဇယားအရ အဆုတ်အအေးပတ်တာ။ သူ့ရောဂါက ဗိုင်းရပ်စ်ကြောင့်လားဆိုတာ နိုင်ငံခြားကသူနဲ့ အနီးကပ်ထိတွေ့ဖူးတာမရှိပါစေ၊ စစ်ရမယ်လို့ လုပ်ငန်းလမ်းညွှန်ရှိပါတယ်။ လုပ်ငန်း လမ်းညွှန်အတိုင်းပဲလုပ်တာပါ” လို့ ပြောပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းခတ်၊ မိုင်းယောင်းဒေသတွေကနေ COVID-19 စောင့်ကြည့်သံသယလူနာ ၅ ယောက်ရှိခဲ့ပါတယ်။
ကျိုင်းတုံကသေဆုံးခဲ့တဲ့လူနာနဲ့မိုင်းယောင်းက စောင့်ကြည့်လူနာတွေရဲ့ ဓာတ်ခွဲနမူနာတွေကို ဓာတ်ခွဲစစ်ဆေးဖို့စီစဉ်နေပြီး ကျန်တဲ့လူနာ ၃ ယောက်ရဲ့ ဓာတ်ခွဲစစ်ဆေးချက်က ရောဂါပိုးမရှိဘူးလို့ အဖြေထွက်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှာလည်း COVID-19 သံသယအဖြစ် အမျိုးသားတဦး ကို တွေ့ထားပြီး သူ့ကိုစောင့်ကြည့်လူနာအဖြစ်သတ်မှတ်ထားတယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်မောင်ညွန့်က ပြောပါတယ်။