Sunday, May 28, 2023
Homeမြန်မာသတင်းနိုင်ငံရေးအေျခခံဥပေဒသစ္ေရးဆြဲေရး နိုင်ငံလုံးကျွတ် ညီလာခံကျင်းပရန် လိုအပ်

အခြေခံဥပဒေသစ်ရေးဆွဲရေး နိုင်ငံလုံးကျွတ် ညီလာခံကျင်းပရန် လိုအပ်

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပယ်ဖျက်ပြီး ဖွဲ့စည်းပုံအသစ် ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် အားလုံးပါဝင်ခွင့်ရှိတဲ့ နိုင်ငံလုံးကျွတ်ညီလာခံကြီး ကျင်းပပြုလုပ်ဖို့ လိုအပ်တယ်လို့ ရှမ်းနဲ့ကယားပြည်နယ် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း  ဆွေးနွေးပွဲက ပြောဆို လိုက်ပါတယ်။

လားရှိုးမြို့ လားရှိုးမိုတယ်မှာ ဒုတိယမြောက်နေ့အဖြစ် ဒီနေ့ကျင်းပပြုလုပ်နေတဲ့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ရှမ်းနဲ့ကယား ဆွေးနွေးပွဲမှာ မတ်လ ၂၀ ရက်နေ့ ဆွေးနွေးမှုတွေအပေါ် အခြေခံပြီး ကြေညာလိုက်တာ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပယ်ဖျက်ပြီး ဖွဲ့စည်းပုံသစ်ရေးဆွဲနိုင်ရေးအတွက် တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီအသီးသီးက ကိုယ်စားလှယ်တွေ၊ တပ်မတော်သားကိုယ်စားလှယ်တွေ၊ အခြား နိုင်ငံရေးအင်အားစုတွေ အစုံအလင် တက်ရောက်ခွင့်ရှိတဲ့ ပင်လုံညီလာခံထက် ပိုမိုကျယ်ပြန့်ပြည့်စုံတဲ့ နိုင်ငံလုံးကျွတ်ညီလာခံကြီး ကျင်းပပြုလုပ်ရမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

၃ ရက်ကြာ ကျင်းပပြုလုပ်မယ့် ဒီဆွေးနွေးပွဲမှာ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ကိစ္စ၊ တိုင်းရင်းသားရပိုင်ခွင့် အခွင့်ရေးတွေကိစ္စ၊ ပြည်လုံးကျွတ်ညီလာခံ ပြန်လည်ပြုလုပ်နိုင်ရေးကိစ္စ၊ လွှတ်တော်ထဲမှာ စစ်သုံးစရိတ် ဘက်ဂျက် ပိုမိုပေးထားတာနဲ့ ပတ်သက်ပြီး နောက်ပြန်လှည့်သွားနိင်လား ရှေ့ဆက် သွားမလားဆိုတဲ့ ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

ပညာရှင်တွေဖြစ်တဲ့ ငြိမ်းချမ်းရေးစင်တာက ဒေါက်တာမင်းဇော်ဦးနဲ့အတူ သျှမ်းသံတော်ဆင့် သတင်းစဉ် အယ်ဒီတာချုပ်  ဦးခွန်ဆိုင်း၊ ရှမ်းစာပေနဲ့ သမိုင်းသုတေသီ  ဒေါက်တာ စိုင်းစံအိုက်တို့လည်း ဆွေးနွေးခဲ့ကြတာပါ။

ဆွေးနွေးပွဲတက်ရောက်ခဲ့သူ တိုင်းရင်းသားကိုယ်စားလှယ်တဦးက    “လူမျိုးတမျိုးနဲ့ တမျိုး ယုံကြည်မှုရှိဖို့အတွက် တိုင်းရင်းသားထဲက လူမျိုးတမျိုးကို တမျိုး အပြန်အလှန်လေးစားဖို့၊ တန်ဖိုးထားဖို့နဲ့ ယုံကြည်မှုရှိဖို့ လိုပါတယ်” လို့ ပြောပါတယ်။

ဒီဆွေးနွေးပွဲကနေ သဘောတူညီ တောင်းဆိုချက်တွေကို မတ်လ ၂၂ ရက်နေ့ ပြုလုပ်မယ့် ဆွေးနွေးပွဲ နောက်ဆုံးရက်မှာ ထပ်မံ ထုတ်ပြန်ကြေညာမယ်လို့ သိရပါတယ်။

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲတွေကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြု ကျင်းပနေတာဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလက ရှမ်းတိုင်းရင်းသား နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးခဲ့ကြပါတယ်။

အခုအကြိမ်မှာ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တွေက တိုင်းရင်းသားပေါင်းစုံကို ကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ထပ်မံ ပါဝင် ဆွေးနွေးလာကြတာဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ပြည်လုံးကျွတ်အတိုင်းအတာအနေနဲ့ ဒီလိုဆွေးနွေးပွဲတွေကို ပြုလုပ်ပြီး အစိုးရ၊ လွှတ်တော်တွေနဲ့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်မယ့် ဆွေးနွေးပွဲတွေကို ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

ဒီနေ့ဆွေးနွေးပွဲမှာ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ကရင်အမျိုးသားငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ ကယန်းအမျိုးသားကာကွယ်ရေးတပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ဝ အမျိုးသားစည်းလုံးညီညွှတ်ရေးပါတီတို့လည်း တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular