မန္တလေးမြို့တွင် ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့် အမျိုးသမီး ၁ ဦး သေဆုံး
DVB
·
March 17, 2020
မန္တလေးမြို့မှာ COVID-19 ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါနဲ့ ပတ်သက်လို့ စောင့်ကြပ်ကြည့်ရှုခံနေရသူ အမျိုးသမီးတယောက် ဒီကနေ့ သေဆုံးခဲ့တယ်လို့ မန္တလေး အထွေထွေရောဂါကုဆေးရုံ ဒုတိယ ဆေးရုံအုပ်ကြီးက အတည်ပြုပြောကြားပါတယ်။
သေဆုံးသူဟာ တံတားဦးနယ်ကဖြစ်ပြီး အဆုတ်ရောဂါနဲ့ မတ် ၁၆ ရက်နေ့ ညပိုင်းက ဆေးရုံကို ရောက်လာခဲ့ပြီး ဒီကနေ့ မနက်ပိုင်းက သေဆုံးခဲ့တာပါ။
“ရောက်လာကတည်းက အခြေအနေဆိုးတယ်။ အခုတော့ ဆေးစစ်ဖို့ နမူနာကို အခုနေ့လယ်ကပဲ ပို့လိုက်တယ်” လို့ ဒုတိယ ဆေးရုံအုပ်ကြီး ဒေါက်တာခင်ကျော်က ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ အမှန်တကယ်ရှိ၊ မရှိဆိုတဲ့ အဖြေကိုတော့ မတ် ၁၈ ရက်နေ့ မနက်အစောပိုင်းမှာ သိရမယ်လို့ ဆိုပါတယ်။
မတ် ၆ ရက်နေ့ကလည်း မန္တလေး မဟာအောင်မြေမြို့နယ်မှာနေထိုင်တဲ့ အသက် ၆၇ နှစ်အရွယ် အမျိုးသမီးတယောက် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနဲ့ ကန်တော်နဒီဆေးရုံမှာ စောင့်ကြည့်နေတုန်း သေဆုံးခဲ့ပါသေးတယ်။
အဲဒီသေဆုံးသူမှာတော့ ဓာတ်ခွဲစစ်ဆေးတဲ့အဖြေအရ COVID -19 ကိုရိုနာဗိုင်းရပ်စ်ရောဂါ မရှိဘူးလို့ အဖြေထွက်ပါတယ်။