ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာ့ခရီးသွားလုပ်ငန်း ရပ်ဆိုင်းသွားမည့်အနေအထားရှိ
DVB
·
March 17, 2020
ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေမှုကြောင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဟာ ရပ်ဆိုင်းသွားမယ့် အနေအထားမှာ ရှိနေတယ်လို့ ခရီးသွားလုပ်ငန်းရှင်တဦးက ပြောပါတယ်။
ဒါ့အပြင် ခရီးသွားရုံးတွေ၊ ဟိုတယ်တွေ၊ ရေကြောင်းလိုင်းတွေ စတဲ့ ခရီးသွားလုပ်ငန်း အခွင့်အလမ်းတွေ ၉၀ ရာခိုင်နှုန်းလောက် လက်ရှိမှာ ရပ်ဆိုင်းသွားတယ်လို့ Nature Dream Travels & Tours ကုမ္ပဏီက မန်နေဂျင်းဒါရိုက်တာ ဒေါ်စံပယ်အောင်က ဆိုပါတယ်။
“တကမ္ဘာလုံး ခရီးသွားလုပ်ငန်းတွေ ကျဆင်းနေသလိုပဲ မြန်မာနိုင်ငံမှာလည်း ခရီးသွားလုပ်ငန်းတွေ ကျဆင်းနေပါတယ်။ ကျဆင်းတဲ့ အနေအထားက မတ်လထဲမှာဆိုရင် ကမ္ဘာက ခရီးသွားအဝင်ရော ပြည်တွင်းခရီးသွားလာမှုရောက ၁၀ ရာခိုင်နှုန်းလောက်ပဲ ကျန်တော့တာပါ။ ဧပြီလမှာဆိုရင် ခရီးသွားတွေ အားလုံးနီးပါး ရပ်ဆိုင်းသွားနိုင်လောက်တယ်လို့ ခန့်မှန်းနေကြပါတယ်။”
လက်ရှိ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဟာ ၁၀ ရာခိုင်နှုန်းအောက်ထိ ရောက်နေပြီး မကြာခင် ၀ ရာခိုင်နှုန်းလောက်ထိကို ထိခိုက်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းတာဝန်ရှိသူက ပြောပါတယ်။
ဒါကြောင့် ဖြစ်ပေါ်လာနိုင်မယ့် အခြေအနေတွေကို သက်ဆိုင်ရာအသင်းအဖွဲ့တွေနဲ့ ဆွေးနွေးပြီး နိုင်ငံတော်အဆင့်၊ သက်ဆိုင်ရာဝန်ကြီးဌာန အဆင့်ထိကို တင်ပြဖို့ ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ-၁ ဦးဖြိုးဇော်ဝေက ဆိုပါတယ်။
“အခုလက်ရှိမှာ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းက ၁၀ ရာခိုင်နှုန်းအောက်အထိ ကျဆင်းသွားပြီ။ မကြာခင်မှာ သုညရာခိုင်နှုန်းလောက်အထိ ကျသွားနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေကို သက်ဆိုင်ရာအသင်းအဖွဲ့တွေ၊ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ နိုင်ငံတော်အဆင့်အထိ တင်ပြနိုင်ဖို့ ဆွေးနွေးဆောင်ရွက်နေပါတယ်။”
ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ် ခရီးသွားလုပ်ငန်းဟာ အဆိုးရွားဆုံး အခြေအနေကို ရောက်ရှိနေပါတယ်။ အခုချိန်မှာ မဖြစ်မနေ ခရီးသွားနေတာကလွဲလို့ မရှိတော့တာကြောင့် ခရီးသွားလုပ်ငန်းဟာ ကြီးမားတဲ့ သက်ရောက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းက ပြောပါတယ်။
နေလင်းအောင်