ဒဏ်ရာရတပ်မတော်သား ၂ ဦးကို ကယ်တင်ရန်ကြိုးစားနေဟု တပ်မတော်ပြော
DVB
·
March 17, 2020
အေအေအဖွဲ့က ပြန်လွှတ်ပေးဖို့ ကမ်းလှမ်းထားတဲ့ ဒဏ်ရာရတပ်မတော်သားနှစ်ဦးကို ကယ်တင်နိုင်ဖို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးစားနေဆဲဖြစ်တယ်လို့ တပ်မတော်ဘက်က ပြောပါတယ်။
ကျောက်တော်မြို့အနီးတိုက်ပွဲတွေမှာ အစိုးရတပ်မတော်စစ်သည် ၃၆ ဦးကို အေအေဘက်က ဖမ်းဆီးခဲ့တာ အခုဆိုရင် တစ်ပတ်ကြာရှိနေပြီဖြစ်ပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “အဓိကကတော့ ကျနော်တို့ ပြောတဲ့အတိုင်းပါပဲ။ စစ်သည်တွေရဲ့ အသက်အန္တရာယ်နဲ့ စစ်သည်တွေနဲ့ ပြန်လည်အဆက်အသွယ်ရရှိဖို့ရယ်ကို အစွမ်းကုန်ကြိုးစားဆောင်ရွက်လျက်ရှိ ပါတယ်။ အလဲအလှယ်လုပ်ဖို့ ဆိုတဲ့အပေါ်ကိုတော့ ကျနော်တို့ ပြောပြီးသားပါ။ ညှိနှိုင်းစရာအကြောင်းတော့မရှိပါဘူး”လို့ ပြောပါတယ်။
ဖမ်းဆီးရမိထားတဲ့ မြန်မာတပ်မတော်သား ၃၆ ဦးထဲက အသက် အန္တရာယ်စိုးရိမ်ရတဲ့ ဒဏ်ရာရထားသူ နှစ်ဦးကို အမြန်ပြန်လွှတ်ပေးလိုကြောင်း အေအေအဖွဲ့က မတ် ၁၂ရက်က သတင်းထုတ်ပြန်ထားတာပါ။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မုန့်သန်းပြင်ရွာအနီးမှာ မတ် ၁၀ ရက်နဲ့ ၁၁ရက် တိုက်ပွဲ ကာလ နှစ်ရက်တာအတွင်း ပဲခူးအခြေစိုက် တပ်မ (၇၇)လက်အောက်ခံ၊ ခမရ (၇) ယယီတပ်ရင်းမှူး ဗိုလ်မှူးကြီးသက်နိုင်ဦးနဲ့ ဗိုလ်ကြီး ၄ ဦးအပါအဝင် တပ်မတော်သား ၃၆ဦးကို လက်ရဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။
ဒဏ်ရာရရှိသူနှစ်ဦးကို ဆေးကုပေးထားပေမယ့်လည်း သူတို့ အသက်ဆက်ရှင်သန်ဖို့ ခွဲစိတ်ကုသပေးဖို့ အရေးတကြီးလိုအပ်တယ်လို့ အေအေဘက်က ပြောထားပါတယ်။
ဒါကြောင့် တပ်မတော်၊ အစိုးရ (သို့မဟုတ်)ကြားအဖွဲ့အစည်းတွေအနေနဲ့ ဆက်သွယ်ပြီး လာရောက်ခေါ်ဆောင်နိုင်တယ်လို့ အေအေအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။