A d v e r t i s e m e n t With Us

ထောင်ထဲတွင် ရော်နယ်ဒင်ဟို ဝမ်းနည်းအားငယ်နေဟု ပါရာဂွေးတိုက်စစ်မှူးဟောင်းပြော

REUTERS
ပါရာဂွေးထောင်ထဲ ရောက်ရှိနေတဲ့ ရော်နယ်ဒင်ဟိုဟာ အများထင်သလို ပျော်ရွှင်နေတာမျိုးမဟုတ်ဘဲ သူ့အခြေအနေပေါ် ဝမ်းနည်းအားငယ်နေတယ်လို့ Metro သတင်းမှာ ဖော်ပြပါတယ်။  ဘရာဇီးနဲ့ ဘာစီလိုနာ ဂန္ထဝင်ကစားသမား ရော်နယ်ဒင်ဟိုဟာ ပါရာဂွေးနိုင်ငံအတွင်းကို ပတ်စ်ပို့အတု၊ ကတ်အတုတွေနဲ့ ဝင်ရောက်ခဲ့လို့ အစ်ကိုဖြစ်သူနဲ့အတူ မတ် ၅ ရက်နေ့က ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီအချိန်ကစလို့ သူဟာ ပါရာဂွေးထောင်တခုထဲမှာ ထိန်းသိမ်းခံခဲ့ရသူ ဖြစ်ပါတယ်။ ထောင်ထဲမှာ ရှိနေစဉ်အတွင်း ရော်နယ်ဒင်ဟိုဟာ အကျဉ်းသားတွေနဲ့အတူ ဘောလုံးပွဲတပွဲကို ပျော်ပျော်ရွှင်ရွှင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တခြားအကျဉ်းသားတွေကို လက်မှတ်ထိုးပေးနေတဲ့ ပုံရိပ်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီပုံရိပ်တွေကြောင့် ရော်နယ်ဒင်ဟိုဟာ ရောက်လေရာအရပ်မှာ ပျော်ပျော်ရွှင်ရွှင် နေတတ်သူလို့ သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြကြပါတယ်။  ဒါပေမဲ့ လက်တွေ့မှာတော့ ဂန္ထဝင်ကစားသမားကြီးဟာ သူ့လက်ရှိအခြေအနေအပေါ် ဝမ်းနည်းအားငယ်နေတယ်လို့ ပါရာဂွေးတိုက်စစ်မှူးဟောင်း နဲလ်ဆင် ကျူးဗတ်စ်က ပြောပါတယ်။ ကျူးဗတ်စ်ဟာ ရော်နယ်ဒင်ဟို ဖမ်းဆီးခံလိုက်ရစဉ်ကတည်းက သူ့ကို သွားရောက်တွေ့ဆုံခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာ  ရော်နယ်ဒင်ဟိုတယောက် ဘယ်လိုခံစားနေရသလဲ ဆိုတာကိုလည်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။  “သူဟာ လက်ရှိ ရှိနေတဲ့ အနေအထားအတွက် ဝမ်းနည်းပြီး မပျော်မရွှင် ဖြစ်နေရပါတယ်။ သူ့ရှေ့နေတွေက ဒီကိစ္စကို ကိုင်တွယ်ဆောင်ရွက်နေပြီး မကြာခင်မှာ ထောင်ကနေ ပြန်လည်လွတ်မြောက်လာဖို့ မျှော်လင့်ပါတယ်” လို့လည်း ပါရာဂွေး ကစားသမားဟောင်းက သတင်းမီဒီယာတခုကို ဖြေကြားခဲ့ပါတယ်။ လက်ရှိအချိန်မှာ ရော်နယ်ဒင်ဟိုကို ထိန်းသိမ်းထားတဲ့နေရာဟာ အကျဉ်းထောင်လိုပုံစံမျိုး မဟုတ်ဘဲ ဟိုတယ်တခုလို နေရာမျိုးမှာ ထားရှိကြောင်းလည်း ပါရာဂွေး ပြည်ထဲရေးဝန်ကြီး အီစလီဒတ် အစီဗီဒိုက ပြောပါတယ်။ ဒီကိစ္စကို ကျူဗတ်စ်ကလည်း ထောက်ခံပြောဆိုခဲ့ပြီး “သူ နေရတဲ့နေရာက တခြားထောင်သားတွေကို ထားတဲ့ နေရာတွေထက်စာရင် အများကြီး ပိုကျယ် ပိုကောင်းပါတယ်။ ဒါပေမဲ့ သူဟာ ဒီနေရာတွေမှာ နေဖူးလေ့ရှိသူ မဟုတ်ဘူးလေ။ သူနေတဲ့နေရာမှာ သူတို့ညီအစ်ကိုနှစ်ယောက်ဟာ တယောက်ကို ခုတင်တလုံးစီ ရရှိထားပြီး အဲဒီမှာ သူဟာ ဘောလုံးကစားလို့လည်း ရပါတယ်” လို့ ကျူဗတ်စ်က ပြောဆိုလိုက်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up