Home
မြန်မာသတင်း
ထိုင်းနိုင်ငံအတွင်း နေရပ်မှပြန်လာသည့် မြန်မာလုပ်သားများ ၁၄ ရက် စောင့်ကြည့်စစ်ဆေးခံရမည် 
နန်းမြနဒီ
·
March 17, 2020
ကမ္ဘာပေါ်မှာ ကူးစက်ပြန့်ပွားနေတဲ့  ပြင်းထန်အဆုတ်ယောင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့် ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ သင်္ကြန်တွင်း ပြည်တော်ပြန်ပြီး ပြန်ရောက်လာပါက လုပ်ငန်းခွင် ချက်ချင်းဝင်မရသေးဘဲ ၁၄ ရက် စောင့်ကြည့်စစ်ဆေးခံရမယ်လို့ ဘန်ကောက်အခြေစိုက် ထိုင်းမြန်မာသံရုံးက သတိပေးထုတ်ပြန် ပါတယ်။  ထိုင်းအစိုးရအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID–19) ကို အန္တရာယ်ရှိ ကူးစက်မြန်ရောဂါ အဖြစ် သတ်မှတ်ထားပြီး ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ကာကွယ်တဲ့အနေနဲ့  တိုင်းပြည်ရဲ့ ဝင်ပေါက်ထွက်ပေါက်က ခရီးသည်တွေကို ကျန်းမာရေးစစ်ဆေးနေကြောင်း၊ သင်္ကြန်ကာလ မိခင်နိုင်ငံပြန်မယ့် အလုပ်သမားတွေလည်း ထိုင်းကို ပြန်ဝင်လာရင် ၁၄ ရက်ကြာ သီးခြားခွဲထားပြီး ရောဂါလက္ခဏာ စောင့်ကြည့်စစ်ဆေးခံရမယ်လို့ ထိုင်း-မြန်မာသံရုံး အလုပ်သမား သံအရာရှိ ဦးမျိုးမြင့်နိုင်က ဒီဗွီဘီကို ပြောပါတယ်။ “သင်္ကြန်တွင်း အိမ်ပြန်တဲ့ အလုပ်သမားတွေ ပြန်လာရင် ထိုင်းက ၁၄ ရက်စောင့်ကြည့်မယ်။ ပြီးမှ အလုပ်ထဲကိုဝင်ရမယ်၊ ဘယ်နေရာမှာထားပြီး စောင့်ကြည့်မလဲ ဆိုတာတော့ မသိသေးပါဘူး ခင်ဗျ။ ခုလောလောဆယ် ထိုင်းတာဝန်ရှိသူတွေဘက်က သင်္ကြန်ပိတ်ရက်ကိစ္စ ဆွေးနွေးနေပြီး ထုတ်ပြန်ကြေငြာဖို့ရှိတယ်လို့ သိရတယ်။ ကျနော်တို့လည်း သူတို့ထုတ်ပြန်ချက်ပေါ်မူတည်ပြီး အလုပ်သမားတွေကို အသိပေးသွားဖို့ပါ။ ဒီကူးစက်ရောဂါနဲ့ပတ်သက်ပြီး ဖျားနာတာဘဲဖြစ်ဖြစ်၊ မသင်္ကာတာတွေ၊ အခက်အခဲဖြစ်တာ တွေ့ရှိရင် ကျနော်တို့ သံအရာရှိတွေကို ဆက်သွယ် အကူအညီ တောင်းနိုင်ပါတယ်။” ဒါ့အပြင် ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ဖွင့်ထားတဲ့ အရေးပေါ်ဖုန်းလိုင်း ၁၄၂၂ ကိုပါ ဆက်သွယ်နိုင်ပြီး မြန်မာသံရုံးအနေနဲ့ အလုပ်သမားတွေအတွက် အသိပေးနှိုးဆော်ချက်ကို မတ်လ ၁၄ နဲ့ ၁၅ ရက် နေ့တွေမှာ ထုတ်ပြန်ထားကြောင်း၊  ကနေ့ထိတော့ အလုပ်သမားတွေရဲ့ အခက်အခဲနဲ့ပတ်သက်လို့ ဆက်သွယ်လာ တာမရှိသေးသလို ကိုရိုနာ ဂယက်ကြောင့် စက်ရုံအလုပ်ရုံ ပိတ်တာ၊ အလုပ်သမားတွေ ပြည်တော်ပြန်တာတွေလည်း မသိရသေးဘူးလို့ မြန်မာအလုပ်သမား သံအရာရှိက ပြောပါတယ်။  မဟာချိုင်အခြေစိုက်  ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက်အဖွဲ့ ဥက္ကဌ ဦးအောင်ကျော်ကလည်း သင်္ကြန်ရက်အိမ်ပြန်တဲ့ အလုပ်သမားတွေပြန်လာရင် လုပ်ငန်းခွင်ချက်ချင်း မဝင်ဖို့ အလုပ်ရှင်တွေက သတိပေးထားတယ်လို့  ဒီဗွီဘီကို ပြောပါတယ်။  “ဒီနှစ်အတာသင်္ကြန်မှာ အိမ်မပြန်ကြဖို့ စက်ရုံအလုပ်ရုံတွေမှာလည်း တိုက်တွန်းထားတယ် ခင်ဗျ။  မလွဲမရှောင်သာလို့ အိမ်ပြန်ရမယ်ဆိုရင်လည်း ပြန်လာလို့ရှိရင် ၁၄ ရက်တိတိ စက်ရုံ အလုပ်ရုံထဲကို လုံး၀ဝင်ခွင့်ပြုမှာ မဟုတ်ဘဲနဲ့  မိမိရဲ့နေအိမ်တည်းမှာ တဦးတည်း ကျန်းမာရေး စောင့်ရှောက်ပြီးနေထိုင်ရမယ်။ ၁၄ ရက်ပြည့်တဲ့ခါ ကျမှ ပြည်သူ့ ဆေးရုံမှာသွားပြီးဆေးစစ်ရမယ်။ ဆေးစစ်ပြီးလို့ အောင်မှသာလျှင် ဆရာဝန်ထောက်ခံချက်နဲ့ ဝင်ခွင့်ပြုမယ်လို့ သတိပေးထားပါတယ် ခင်ဗျ။” ဒါ့အပြင် ယခင်နှစ်တွေက ရွှေ့ပြောင်းလုပ်သားတွေ ပြည်တော်ပြန်တဲ့အခါမှာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီး တဲ့အနေနဲ့ အဝင်အထွက်ဂိတ်တွေမှာ ဗီဇာတံဆိပ်တုံးထုရင် ငွေပေးစရာမလိုဘဲ ဖရီးဗီဇာ ၃ နှစ်ဆက်တိုက်ပေးခဲ့ကြောင်း ဒီနှစ်တော့ လူစုလူဝေးနဲ့ခရီးသွားလာမှုကို ထိန်းချုပ်တဲ့ အနေနဲ့ ဖရီးဗီဇာခွင့်ပြုတော့မှာမဟုတ်ဘဲ ပုံမှန် ဘတ်ငွေ တစ်ထောင်ပေးသွင်းရမှာ ဖြစ်တယ်လို့ သူကဆက်ပြောပါတယ် ။  မြန်မာလုပ်သားအများစု နေထိုင်တဲ့ ဆမွတ်ဆာခွန်းခရိုင် မဟာချိုင်မှာ ခါတိုင်းနှစ်ဆို မိသားစု မြန်မာ့ရိုးရာသင်္ကြန်ပွဲကျင်းပလေ့ရှိပေမယ့်လည်း ဒီနှစ်တော့ ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့်  သင်္ကြန်ပွဲ မလုပ်ဖြစ်တော့ဘူးလို့ ဦးအောင်ကျော်က ပြောပါတယ်။  ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံက အလုပ်သမားတွေ တရားဝင်အနေနဲ့ရော၊ တရားမဝင်အနေနဲ့ပါ ၃ သန်းကျော် ဝင်ရောက်လုပ်ကိုင်လျက်ရှိတယ်လို့ မြန်မာအလုပ်သ မားညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024