ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးခံတပ် ကြီးကြီးမားမား ပြင်ဆင်ထားသင့်
DVB
·
March 17, 2020
ကိုရိုနာဗိုင်းရပ်စ် (Covid-19) ဟု ခေါ်သော ကမ္ဘာ့ကပ်ရောဂါကား ကမ္ဘာအနှံ့ ကျယ်ပြန့်လာနေသည်။ မြန်မာနိုင်ငံ၌ ထိုရောဂါနှင့်ပတ်သက်သောလူနာ မတွေ့ရသေးဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်ချက်အပေါ်တွင် သံသယမရှိ လက်ခံရမည်သာ။ မြန်မာကျန်းမာရေးဌာန ကျွမ်းကျင်သူများသာမက WHO မှ ကျွမ်းကျင် ပညာရှင်များပါ ကူညီ၍ ရောဂါရှာဖွေထုတ်ပြန်ပေးနေသောကြောင့်ပင် ဖြစ်သည်။ ကျန်း/အားပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကမူ “NHL အမျိုးသားဓာတ်ခွဲဌာနက လုံးဝ ၁၀၀ ရာခိုင်နှုန်း မှန်တယ်” ဟု ရဲရဲဝန်ခံခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်တားဆီရေး သတင်းအချက်အလက်နှင့် ပတ်သက်လျှင် အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနေသော ဌာနတခု ရှိသင့်သည်ဟု ထင်မြင်မိသည်။ ယခုကြုံတွေ့နေရသည်မှာ တခါတရံ ပြန်ကြားရေးဝန်ကြီးဌာနတွင်လည်း ရှာမရ။ ကျန်း/အားကြီးဌာန ဝက်ဆိုက်တွင်လည်း ရှာမရ ဖြစ်ရသည်။ အချို့သတင်းများ ဆိုလျှင် မဆီမဆိုင် နိုင်ငံခြားရေးဝန်ကြီးဌာနကို ကိုးကား၍ ဖော်ပြထားသည်ကိုလည်း တွေ့နေရသည်။ သမ္မတရုံးဝန်ကြီးဌာနကိုလည်း ရှာဖွေကြရသည်။ ယင်းသို့ သတင်းထုတ်ပြန်ရာတွင် သတင်းရင်းမြစ်ကို ရှာဖွေရာ၌ ထွေပြားနေသည်ကို တွေ့ရသည်။ သို့မဟုတ်ပါက ကောလာဟလများ အလိုလိုဝင်ရောက်လာနိုင်ခြင်းကြောင့် အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးသော ဝက်ဆိုက်တခု ရှိသင့်ပါသည်။
ယမန်နေ့ကမူ သမ္မတအိမ်တော်၌ Covid-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် Aဟိုကော်မတီ တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့သည်။ ထိုဆွေးနွေးပွဲတွင် ကာကွယ်ရေးနှင့်ပတ်သက်ပြီး ဘာသာစကားပေါင်းစုံဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးရေး၊ နွေရာသီသင်တန်းများကို အွန်လိုင်းနှင့် ရုပ်သံလှိုင်းတို့မှတဆင့် ပို့ချနိုင်ရေးတို့ကို ဆွေးနွေးခဲ့သည်။ ယင်းဗိုင်းရပ်စ် ဖြစ်ပွားမှု မတွေ့ရှိရသေးသော ကျွန်ုပ်တို့နိုင်ငံတွင် ကာကွယ်ရေးခံတပ်ကို ကြီးကြီးမားမား ပြင်ဆင်ထားကြရမည်သာ။
သို့အတွက် ကျန်း/အားဌာန၏ ညွှန်ကြားချက်နှင့် အသိပညာပေးရေးအတိုင်း လိုက်နာရန် လိုအပ်သည်။ တဖက်တွင်လည်း နိုင်ငံစီးပွားရေး ဟန်ချက်ပျက်မသွားစေရန် ပြည်တွင်း အစားထိုး ထုတ်ကုန်ထုတ်လုပ်မှုအတွက် လုပ်ဆောင်ကြရန် အခါအခွင့်သင့်ချိန်ပင်ဖြစ်သည်။ စီးပွားရေးလုပ်ငန်းရှင်တို့ကိုလည်း ကြိုတင်ဝင်ငွေခွန်ကင်းလွတ်ခွင့်ပေးထားသည်ကို တွေ့ရသည်။ ဤသို့သောကာလတွင် ပြည်တွင်းလုပ်ငန်းရှင်တို့အနေဖြင့် လိုအပ်သော ကုန်ကြမ်းများကို နည်းလမ်းအစုံသုံး၍ အဖြေရှာ လုပ်ငန်းတိုးတက်ရာတိုးတက်ကြောင်း ရှာဖွေရန် အခါခွင့်သင့်ချိန်ပင်။
အခွန်နှင့်အတိုးနှုန်း လျှော့ချပေးခြင်း၊ ကြိုတင်ဝင်ငွေခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်ပေးခြင်းတို့သည် လုပ်ငန်းရှင်များအတွက် ကိုရိုနာဗိုင်းရပ်စ်က ပေးသော အခွင့်အရေးတခုအဖြစ် ရှုမြင်၍ မိမိစီးပွားရေးဖွံ့ဖြိုးမှုကို အားသွန်ခွန်စိုက် စွမ်းဆောင်ရန် အချိန်တခုဟု မှတ်ယူလုပ်ဆောင်သင့်သည်။
ပြည်သူများအနေဖြင့်လည်း မိမိတို့၏ နေ့စဉ်နေထိုင်မှု လူမှုဘဝပုံစံကို ပြုပြင်ပြောင်းလဲရန် အချိန်ကောင်းအခါသင့်ပင်။ ကျွန်ုပ်တို့ နေ့စဉ်နေထိုင်မှုတွင် အစာမစားမီနှင့် အစာစားပြီးချိန်လောက်တွင်သာ လက်ဆေးခြင်းအမှုကို ပြုခဲ့ကြသည်။ ကျန်အချိန်များတွင် တကိုယ်ရေ သန့်ရှင်းမှုကို အလေးမထားနိုင်ခဲ့ကြ။ လက်ဆေးလျှင်လည်း သာမန်ရေဖြင့်သာ ဆေးခဲ့ကြသည်။ ဆပ်ပြာဖြင့်ပင် မသုံးခဲ့သည်တို့လည်း ရှိခဲ့သည်။ အဆိုပါအရိုးစွဲနေခဲ့သော နေ့စဉ်လူနေမှုပုံစံများကို ကိုရိုနာဗိုင်းရပ်ကာကွယ်ရေးအတွက် ညွှန်ကြားချက်များအတိုင်း နောင်တွင်လည်း တစိုက်မတ်မတ် ကျင့်သုံး၍ အကောင်းဘက်သို့ ပြောင်းလဲကာ အလေ့ကျင်းကောင်များ မွေးမြူသွားအပ်ပေသည်။
ကိုဗစ်ရောဂါသည် နိုင်ငံတွင်း မတွေ့ရှိသေးသည် မှန်သော်လည်း အလွန်စိုးရိမ်ဖွယ်ရာ ဖြစ်ကြောင်း အားလုံးအသိပင်။ နိုင်ငံတွင်း မတွေ့ရှိရသေးသော်လည်း ကမ္ဘာတဝန်း နိုင်ငံ ၁၄၀ ကျော်အထိ ကူးစက်နေပြီ ဖြစ်သည်။ ထို့ကြောင့် အကာအကွယ်ကို ခံတပ်တခုကဲ့သို့ ပြုလုပ်၍ ပြည်သူများအနေဖြင့်လည်း နေ့စဉ် လူနေမှုဘဝပုံစံကို အကောင်းဘက်သို့ ပြောင်းလဲရန် အခါကောင်းတခုပင် ဖြစ်သည်။ ထို့အတူ စီပွားရေးတွင်လည်း ကူးစက်ရောဂါ မရောက်ရှိသေးခြင်းနှင့် အထိုက်အလျောက် အခွန်လျှော့ပေါ့ခြင်း၊ ကင်းလွတ်ခွင့်ပေးခြင်းတို့ကို အခွင်အရေးတရပ်အဖြစ် မှတ်ယူကာ လုပ်ဆောင်သင့်ပါကြောင်း အကြံပြု တင်ပြလိုက်ရပါသည်။