ဒဏ္ဍာရီထဲက သူရဲကောင်းမလေးအကြောင်း ရုပ်ရှင်-Mulan ရုံတင်ရက်ရွှေ့ဆိုင်း(ရုပ်ရှင်နမူနာ)

ရုံမတင်ခင်ကတည်းက နာမည်ကြီးနေခဲ့တဲ့ Adventure Action Drama အမျိုးအစားရုပ်ရှင် Mulan ကို အစက အခုလကုန်သီတင်းပတ်မှာ ရုံတင်ပြသသွားမယ်လို့ ကြေညာထားပေမယ့် လတ်တလော ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ရုံတင်မယ့်ရက်ကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပါတယ်။ ဒီကားကိုတော့ နာမည်ကျော် Walt Disney Pictures ကနေ တင်ဆက်လိုက်တာဖြစ်ပြီး နယူးဇီလန် အမျိုးသမီးရုပ်ရှင်ဒါရိုက်တာ Niki Caro က ရိုက်ကူးပုံဖော်ပေးထားတာပါ။ Mulan လို့ ပြောလိုက်တာနဲ့ ပရိသတ်တွေက ၁၉၉၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကျော် ကာတွန်းကားကို ပြန်ပြီးတော့ အမှတ်ရမိကြမှာပါ။ ဒီတခါမှာတော့ ဒီကားကို ကာတွန်းရုပ်ရှင်အနေနဲ့ မဟုတ်တော့ဘဲ လူဇာတ်ကောင်တွေနဲ့ Live Action ရုပ်ရှင်ကားတကားအနေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ တရုတ်မင်းနေပြည်တော်ကြီးမှာ မြောက်ပိုင်းက ကျူးကျော်လာသူတွေကို ပြန်ပြီးတော့ တိုက်ခိုက်ဖို့ အိမ်ထောင်စုတိုင်းက အမျိုးသားတယောက်စီ ထွက်ပြီး ဘုရင့်တပ်မတော်ထဲ စစ်မှုထမ်းဖို့ အမိန့်ထွက်လာပါတယ်။ Hua Mulan ဆိုတဲ့ ကောင်မလေးကတော့ မိသားစုမှာ သမီးအကြီးဆုံးလည်းဖြစ်ပြီး နာမကျန်းဖြစ်နေတဲ့ ဖခင်ရဲ့အစား တပ်ကို ယောက်ျားလေး အယောင်ဆောင်ပြီး ဝင်သွားခဲ့ချိန်မှာ ဘာတွေဖြစ်လာမလဲ၊ ဘယ်လိုတွေ ကြုံတွေ့ရမလဲ။ ဆုံးဖြတ်ချက်ခိုင်မာပြီး ပြတ်သားရဲရင့်တဲ့ Hua Jun ဆိုတဲ့ ‌အမျိုးသားအဖြစ်ဟန်ဆောင်ရင်း ဘုရင့်တပ်မတော်ထဲမှာ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး တာဝန်ထမ်းဆောင်ရတဲ့ အကြောင်းအရာတွေနဲ့ ဒီကားထဲမှာ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဂူဂူးလို့ ပရိသတ်တွေ သိကြတဲ့ သရုပ်ဆောင်မင်းသမီး Liu Yifei က အဓိကဇာတ်ကောင် Mulan နေရာက ပါဝင်ထားပါတယ်။ နာမည်ကြီး သရုပ်ဆောင်မင်းသမီး Gong Li ကတော့ ရုပ်ပြောင်းရုပ်လွှဲလုပ်နိုင်တဲ့ စုန်းမတယောက်အဖြစ် ပါဝင်ထားပြီး တခြားသရုပ်ဆောင်မင်းသားတွေ ဖြစ်ကြတဲ့ Donnie Yen ၊ Jet Li စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြပါတယ်။ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ဒီကားကိုတော့ ဘတ်ဂျက် အမေရိကန်ဒေါ်လာ သန်း ၂၀၀ အကုန်အကျခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up