ဟောင်ကောင်ဒီမိုကရေစီလှုပ်ရှားမှုဖြင့် ထောင်ကျနေသူများကို ကုမ္ပဏီတခု ကူညီထောက်ပံ့

ဟောင်ကောင်မှာ ပြီးခဲ့တဲ့နှစ်က ဒီမိုကရေစီလှုပ်ရှားမှုအတွင်း ပါဝင်ခဲ့ပြီး ထောင်ဒဏ်ကျခံနေရတဲ့ သူတွေအတွက် စေတနာ့ဝန်ထမ်းပုဂ္ဂိုလ်သုံးဦးက ကုမ္ပဏီတခု တည်ထောင်ပြီး ကူညီထောက်ပံ့နေပါတယ်။ ရိုက်တာ သတင်းဖော်ပြချက်အရ မိုက်ကယ်ဆိုသူ ပုဂ္ဂိုလ်နဲ့ အခြားနှစ်ဦးတို့ ပူးပေါင်း တည်ထောင်ထားတဲ့ Jimmy Jungle ကုမ္ပဏီဟာ ထောင်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေအတွက် နေ့စဉ် လိုအပ်ချက် အသုံးအဆောင်တွေကို ပံ့ပိုးပေးနေတာပါ။  ဟောင်ကောင်အကျဉ်းဦးစီးဌာန (CSD) ရဲ့ သတ်မှတ်ချက်အရ ဈေးကွက်မှာ လွယ်လွယ်ဝယ်ဖို့ မလွယ်တဲ့ နေ့စဉ်သုံးပစ္စည်းတွေဖြစ်တဲ့ သတ်မှတ်ဆပ်ပြာ၊ သွားတိုက်ဆေး အမျိုးအစားတွေကို ထောင်ဝင်စာ သွားတွေ့တဲ့ ဆွေမျိုးသားချင်းတွေ အလွယ်ပေးပို့နိုင်အောင် ထုတ်ပိုးပြင်ဆင် ရောင်းချပေးတဲ့ ကုမ္ပဏီတခု ဖြစ်ပါတယ်။ (CSD) ရဲ့ သတ်မှတ်ချက်အရ အကျဉ်းသားတွေ သွင်းခွင့်ရှိတဲ့ဆပ်ပြာ အမျိုးအစားက ဂရမ် ၈၀ ပါတဲ့ ဆပ်ပြာဖြစ်ရမှာဖြစ်ပြီး၊ ပါကင်ပေါ်မှာလည်း တရုတ်စာ ရေးထားတာ ဖြစ်ရမယ်၊ သွားတိုက်ဆေး ဆိုရင်လည်း အာဏာပိုင်တွေက သွင်းခွင့် သတ်မှတ်ထားတဲ့ ၁၀၀ ဂရမ် သို့မဟုတ် ၅၀ ဂရမ်ပါ သွားတိုက်ဆေးဘူးတွေ ဖြစ်ရမှာမို့ အပြင်ဈေးကွက်မှာ ဒါတွေကို ရှာဖို့ မလွယ်ပါဘူး။ ဒါ့ကြောင့် မိုက်ကယ်တို့ သုံးဦးဟာ ထောင်ဝင်စာတွေ့မယ့် ဆွေမျိုးသားချင်းတွေအတွက် ပစ္စည်းတွေ အလွယ်ရရှိနိုင်ဖို့ ကုမ္ပဏီထောင်ပြီး ဝန်ဆောင်မှုပေးနေတာပါ။ ဒီကုမ္ပဏီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီက အလှူငွေ ဟောင်ကောင်ဒေါ်လာ ၃ သိန်းရခဲ့လို့ နိုင်ကျဉ်းတွေအတွက် နေ့စဉ် လိုအပ်ချက်နဲ့ မုန့်ပဲသရေစာတွေကို အခုတော့ အခမဲ့ပေးဝေနေနိုင်ပြီလို့လည်း သိရပါတယ်။ ဟောင်ကောင်မှာ မနှစ်က ဇွန်လအတွင်းဖြစ်ခဲ့တဲ့ အစိုးရ ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ လူပေါင်း ၇၅၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး လူ့အခွင့်အရေးအုပ်စုတွေကတော့ လူ ၉၀ ကို ရမန်ယူပြီး ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့  (CSD) ဘက်ကတော့ ဆန္ဒပြပွဲတွေနဲ့ပတ်သက်လို့ ထိန်းသိမ်းထားသူ ဘယ်နှယောက်ဆိုတဲ့ ကိန်းဂဏန်း သူတို့မှာ မရှိဘူးလို့ ပြောထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up