Homeမြန်မာသတင်း
ကိုရိုနာကူးစက်နိုင်ငံများသို့ သွားခဲ့သူများကို သတ်မှတ်နေရာများတွင် ၁၄ ရက်ထား စောင့်ကြည့်မည်
ကိုရိုနာကူးစက်နိုင်ငံများသို့ သွားခဲ့သူများကို သတ်မှတ်နေရာများတွင် ၁၄ ရက်ထား စောင့်ကြည့်မည်
DVB
·
March 16, 2020
မြန်မာနိုင်ငံမှာ ကိုရိုနာကူးစက်မှုကာကွယ်နိုင်ဖို့ ပြီးခဲ့တဲ့ ၂ ပတ်အတွင်း ရောဂါကူး စက်ပြန်ပွားနေတဲ့ နိုင်ငံတွေကို သွားရောက်လည်ပတ်ခဲ့တဲ့ နိုင်ငံသားနဲ့ နိုင်ငံခြားသား ခရီးသွား တွေကို အစိုးရက သတ်မှတ်ထားတဲ့နေရာတွေမှာ ၁၄ ရက်ထား စောင့်ကြည့်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒါဟ် ကမ္ဘာကျန်းမာရေးအဖွဲ့က ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအဖြစ်ကြေညာပြီးနောက် သက်ဆိုင်ရာအစိုးရတွေအနေနဲ့ တုံ့ပြန်အရေးယူတာကို အရှိန်အဟုန်မြှင့်တင်ဖို့ တိုက်တွန်းချက်အရ ဒီရောဂါမြန်မာပြည်သူတွေအပေါ် မကူးစက်စေဖို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ လုပ်တာလို့ ဆိုပါတယ်။
ထုတ်ပြန်ချက်အရ ရောဂါကူးစက်ပြန့်ပွားနေတဲ့ တရုတ်နိုင်ငံ ဟူဘေးပြည်နယ်၊ ကိုရီးယား သမ္မတနိုင်ငံ ဒယ်ဂူးနဲ့ဂျော်ဘွတ်ပြည်နယ်ကို လွန်ခဲ့တဲ့ ၂ ပတ်က သွားရောက်ခဲ့သူ နိုင်ငံခြားသားတွေကို မတ် ၁၅ ရက်ကစလို့ မြန်မာနိုင်ငံကို ဝင်ခွင့်မပြုတော့တဲ့အပြင် နိုင်ငံသားတွေဟာ မြန်မာနိုင်ငံကို ရောက်ပြီးချိန်ကစပြီး သီးသန့်နေရာတွေမှာ ၁၄ ရက် ထားရှိ စောင့်ကြည့်မယ်လို့ သိရပါတယ်။
အလားတူ လွန်ခဲ့တဲ့ ၂ ပတ်အတွင်း အီတလီ၊ အီရန်၊ ပြင်သစ်၊ စပိန်နဲ့ ဂျာမနီနိုင်ငံတွေကို သွားရောက်ခဲ့တဲ့ နိုင်ငံသားအပါအဝင် ခရီးသွားအားလုံး မြန်မာနိုင်ငံကို ရောက်ရှိချိန်ကစလို့ သီးသန့်နေရာတွေမှာ ၁၄ ရက်ထားရှိ စောင့်ကြည့်မှာဖြစ်ပါတယ်။
အခုလို သီးသန့်စောင့်ကြည့်ရာမှာ အများပိုင်အဆောက်အအုံတွေ ဒါမှမဟုတ် ပြည်သူ့ဆေးရုံတွေမှာ ထားရှိမှာ ဖြစ်ပါတယ်။
နေအိမ် ဒါမှမဟုတ် ဟိုတယ်မှာ ၁၄ ရက် သီးသန့်နေထိုင်ရမယ့်သူတွေကတော့ ကိုရီးယားက ရောဂါဖြစ်ပွားနှုန်းနည်းတဲ့ နေရာတွေကလာသူတွေဖြစ်ပြီး အဲဒီနိုင်ငံရဲ့ ကျန်မာရေးအဖွဲ့တွေက ထုတ်ပေးတဲ့ ထောက်ခံစာပါရမယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
တရုတ်နိုင်ငံက စခဲ့တဲ့ ကိုရိုဗိုင်းရပ်စ်ဟာ အခုဆို ကမ္ဘာ့နိုင်ငံ သုံးပုံနှစ်ပုံလောက်က လူပေါင်း ၁ သိန်းခွဲကျော် ကူးစက်ခံနေရပြီး သေဆုံးသူ ၆၅၀၀ ကျော်ခဲ့ပါပြီ။