Home
မြန်မာသတင်း
ရေနံစိမ်းစျေးနှုန်း ဆက်တိုက်ကျဆင်းနေသဖြင့် မုံရွာ ကျောက္ကာ ရေနံချက်ဖို ၂၀၀ ကျော် ရပ်နား
DVB
·
March 16, 2020
ရေနံစိမ်းစျေးနှုန်းနဲ့ ပန့်ဆီစျေးနှုန်းဆက်တိုက် ကျဆင်းနေတာကြောင့် မုံရွာမြို့ ကျေက္ကာကျေးရွာရှိ ရေနံချက်ဖို လုပ်ငန်း ၂၀၀ ကျော် ရပ်နားထားရတယ်လို့ သိရပါတယ်။ ရေနံချက်ဖို လုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးချစ်ကိုက “မုံရွာမြို့ ကျောက္ကာမှာ ရေနံချက်ဖို ၂၀၀ ကျော်လောက်ရှိပြီး စျေးနှုန်း ဆက်တိုက်ကျဆင်းနေတာကြောင့် လုပ်ငန်းတွေ ရပ်နားထားရတာပါ။ ယခင်လ​​တွေက ရေနံချက်ဆီ ဝါရှယ် ၁ ပေပါကို ကျပ် နှစ်သိန်းဝန်းကျင် ရောင်းချရပြီး အခုရက်ပိုင်းတွေမှာ ၁ ပေပါကို ၁ သိန်းကျပ်နဲ့တောင် ဝယ်သူမရှိ ဖြစ်နေပါတယ်။ ပန့်ဆီစျေးနဲ့ ချက်ဆီစျေးနှုန်းက သိပ်မကွာတော့ ချက်တဲ့သူတွေ မချက်လုပ်နိုင်တော့ဘူး ဖြစ်နေပါတယ်။ ကမ္ဘာရေနံစိမ်းစျေးနှုန်းကလည်း တစည်ကို ဒေါ်လာ ၅၀ ကျော်ကနေ ဒေါ်လာ ၃၀ ဝန်းကျင်ထိ ဆက်တိုက်ကျဆင်းနေတာပါ။ ရေနံ ချက်ဖိုတဖိုကို လုပ်သား ၁၀ ယောက်လောက် ငှားရမ်းကြရပါတယ်။ ကုန်ကြမ်းဝယ်ယူသူ နည်းပါးနေပြီး ရေနံစိမ်း ၁ ပေပါကို မုံရွာအရောက် ၇၅၀၀၀ ကျပ်ဝယ်ယူကြရပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။ သရက်ကန်ရေနံမှော်က ရေနံလက်ယက်တွင်းလုပ်ငန်းလုပ်ကိုင်သူ ကိုကျော်လင်းက “ပြည်ပ ကုန်သွယ်ရေး လမ်းကြောင်းတချို့ ပြတ်တော့နေလို့ ရေနံ တွင်းတူးရာမှာ အသုံးပြုတဲ့ သံပိုက်စျေးနှုန်းတွေ မြင့်တက်နေပြီး အထွက်နှုန်းလည်း ကျဆင်းနေတယ်။ ရေနံမှော်ထဲမှာ ရေနံစိမ်း ၁ ပေပါ ၆၀၀၀၀ အောက်ထိ ကျဆင်းနေပြီး ခုလို စျေးနှုန်းမျိုးနဲ့ ရင်းနှီးမြှုပ်နှံသူ နည်းပါးလာပါတယ်။ ချက်ဖိုတွေရပ်နားထားတော့ ရေနံသယ်ယူပို့ဆောင်နေတဲ့ ဆီဘောက်ဆာကားတွေလည်း ရပ်နားထားရတယ်” လို့ ပြောပါတယ်။ မုံရွာမြို့ရှိ ကျောက္ကာရေနံချက်ဖိုတွေမှာ ကုန်ကြမ်း အနေနဲ့ မကွေးတိုင်း ရေနံလက်ယက် တွင်းတိမ်လုပ်ငန်းက ထွက်ရှိတဲ့ ရေနံစိမ်းတွေကို အဓိက အားထားပြီး ဝယ်ယူချက်လုပ်ကြရတာလို့ သိရပါတယ်။ မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024