Home
မြန်မာသတင်း
လေကြောင်းပစ်ခတ်မှုကြောင့် ပလက်ဝတွင် ၁၂ ဦး သေဆုံး၊၁၅ဦး ဒဏ်ရာရ
ဝဏ္ဏခွာညို
·
March 15, 2020
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် မိတ်စာဝကျေးရွာ ၂ နဲ့ ၃ တို့မှာ မတ် ၁၄ ရက်နေ့မနက်ပိုင်းက လေကြောင်းပစ်ခတ်မှုတွေကြောင့် ကျေးရွာသား ၁၂ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ချင်းပြည်နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်က “နောက်ဆုံးရသတင်းကတော့ သေဆုံးတာ ၁၂ ယောက်ရှိပြီး၊ နောက်ပြီးတော့ ဒဏ်ရာရတဲ့သူကတော့ ၁၅ ထက်မနည်းဘူး။ အဲ့ဒီ ၁၅ ယောက်ထဲမှာ အခြေအနေ စိုးရိမ်ရတဲ့သူတွေကို ဒီဘက်ကို ပို့ဖို့လုပ်ထားတာပေါ့။ အဲ့ဒီမှာအခြေအနေ မကောင်းတဲ့သူ ၃ ဦးရှိတာပေါ့နော်။ သေဆုံးတဲ့အထဲမှာ မိန်းကလေး ၄ ယောက်ပါ။ ယောကျ်ားက ၈ ယောက်ဖြစ်ပါတယ်။ တပ်မတော်လေကြောင်းကနေ စက်သေနတ်တွေနဲ့ ပစ်ခတ်လိုက်တာလို့ ကျေးရွာသားတွေ ပြောထားတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။ မိတ်စာဝကျေးရွာ ၂ နဲ့ ၃ တို့က ထိခိုက်ဒဏ်ရာရသူအချို့နဲ့ ထွက်ပြေးလာသူ ၆၀၀ လောက်ရှိပြီး မိတ်စာဝကျေးရွာ ၁ က စာသင်ကျောင်းတွေနဲ့၊ ဘုန်းတော်ကြီးကျောင်းတွေမှာ ခေတ္တယာယီနေထိုင်ကြတယ်လို့ ဆိုပါတယ်။ မိတ်စာဝကျေးရွာ ၁ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်စံသာကလည်း မတ် ၁၄ ရက်နေ့ မနက် ၁၀ နာရီနဲ့ ၁၁ နာရီကြားမှာ တိုက်လေယာဉ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဒီဗွီဘီကို ပြောပါတယ်။ “မိတ်စာဝ ၃ ကို အရင်ပစ်တယ်။ ပြီးတော့ မိနစ်ပိုင်းအကြာမှာ မိတ်စာဝကျေးရွာ ၂ ကို ထပ်မံတခါပစ်တယ်။ အဲ့လိုပစ်လိုက်တဲ့အချိန်မှာ မီးလောင်သွားတယ်။” ပလက်ဝမြို့နယ်၊ မိတ်စာကျေးရွာ အနောက်ဘက် တောင်ကြောမှာ မတ်လ ၁၃ ရက်နေ့ နေ့လယ်ပိုင်းက အေအေတပ်ဖွဲ့ နဲ့ တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီး ဝင်းဇော်ဦးနဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့ကို ဖုန်းနဲ့အကြိမ်အကြိမ် ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024