လေကြောင်းပစ်ခတ်မှုကြောင့် ပလက်ဝတွင် ၁၂ ဦး သေဆုံး၊၁၅ဦး ဒဏ်ရာရ
ဝဏ္ဏခွာညို
·
March 15, 2020
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် မိတ်စာဝကျေးရွာ ၂ နဲ့ ၃ တို့မှာ မတ် ၁၄ ရက်နေ့မနက်ပိုင်းက လေကြောင်းပစ်ခတ်မှုတွေကြောင့် ကျေးရွာသား ၁၂ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ချင်းပြည်နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်က “နောက်ဆုံးရသတင်းကတော့ သေဆုံးတာ ၁၂ ယောက်ရှိပြီး၊ နောက်ပြီးတော့ ဒဏ်ရာရတဲ့သူကတော့ ၁၅ ထက်မနည်းဘူး။ အဲ့ဒီ ၁၅ ယောက်ထဲမှာ အခြေအနေ စိုးရိမ်ရတဲ့သူတွေကို ဒီဘက်ကို ပို့ဖို့လုပ်ထားတာပေါ့။ အဲ့ဒီမှာအခြေအနေ မကောင်းတဲ့သူ ၃ ဦးရှိတာပေါ့နော်။ သေဆုံးတဲ့အထဲမှာ မိန်းကလေး ၄ ယောက်ပါ။ ယောကျ်ားက ၈ ယောက်ဖြစ်ပါတယ်။ တပ်မတော်လေကြောင်းကနေ စက်သေနတ်တွေနဲ့ ပစ်ခတ်လိုက်တာလို့ ကျေးရွာသားတွေ ပြောထားတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။
မိတ်စာဝကျေးရွာ ၂ နဲ့ ၃ တို့က ထိခိုက်ဒဏ်ရာရသူအချို့နဲ့ ထွက်ပြေးလာသူ ၆၀၀ လောက်ရှိပြီး မိတ်စာဝကျေးရွာ ၁ က စာသင်ကျောင်းတွေနဲ့၊ ဘုန်းတော်ကြီးကျောင်းတွေမှာ ခေတ္တယာယီနေထိုင်ကြတယ်လို့ ဆိုပါတယ်။
မိတ်စာဝကျေးရွာ ၁ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်စံသာကလည်း မတ် ၁၄ ရက်နေ့ မနက် ၁၀ နာရီနဲ့ ၁၁ နာရီကြားမှာ တိုက်လေယာဉ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဒီဗွီဘီကို ပြောပါတယ်။
“မိတ်စာဝ ၃ ကို အရင်ပစ်တယ်။ ပြီးတော့ မိနစ်ပိုင်းအကြာမှာ မိတ်စာဝကျေးရွာ ၂ ကို ထပ်မံတခါပစ်တယ်။ အဲ့လိုပစ်လိုက်တဲ့အချိန်မှာ မီးလောင်သွားတယ်။”
ပလက်ဝမြို့နယ်၊ မိတ်စာကျေးရွာ အနောက်ဘက် တောင်ကြောမှာ မတ်လ ၁၃ ရက်နေ့ နေ့လယ်ပိုင်းက အေအေတပ်ဖွဲ့ နဲ့ တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီး ဝင်းဇော်ဦးနဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့ကို ဖုန်းနဲ့အကြိမ်အကြိမ် ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။