ကိုရိုနာကပ်ရောဂါဘေး သက်သာစေရန် သီရိလင်္ကာဘုန်းတော်ကြီး အပါး ၅၀၀ ခန့် ပရိတ်ရွတ်

သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုက လွတ်လပ်ရေးရင်ပြင်မှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး အပါး ၅၀၀ လောက်ဟာ မတ် ၁၄ ရက်က စုရုံးခဲ့ကြပြီး ပရိတ်တော်တွေကို ရွတ်ဖတ်ခဲ့ကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကပ်ဘေးကြားမှာ စိတ်ပိုင်းဆိုင်ရာ သက်သာမှုရစေဖို့ ရည်စူး ရွတ်ဖတ်ခဲ့ကြတာပါ။ ဗုဒ္ဓဘာသာဝင် လူများစုဖြစ်တဲ့ သီရိလင်္ကာနိုင်ငံမှာ ဒီဘာသာရေး အခမ်းအနားကို ရုပ်မြင်သံကြားနဲ့ ရေဒီယိုလိုင်း အများစုက တိုက်ရိုက် ထုတ်လွှင့်ခဲ့ကြပါတယ်။ ပြည်သူတွေက ဘုန်းကြီးကျောင်းတွေကို သွားကြမယ့်အစား အိမ်ကနေ တရားနာကြဖို့ကိုလည်း အကြံပြုခဲ့ပါတယ်။ နိုင်ငံအနှံ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၆ ထောင်နီးပါးကလည်း အလားတူ ပရိတ်ရွတ်ပွဲတွေ ကျင်းပကြပါတယ်။ ကက်သလစ် ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်တွေကလည်း သီတင်းပတ် နှစ်ပတ် အနည်းဆုံး ထားပြီး လူထုဝတ်ပြုပွဲတွေကို ဖျက်သိမ်းထားတယ်လို့ ကြေညာခဲ့ပါတယ်။ အစိုးရကလည်း လူတွေစုဝေးတာ မလုပ်ဖို့ တားမြစ်ပိတ်ပင်ထားပါတယ်။ အားကစားပွဲစဉ် အားလုံးကို ဖျက်သိမ်းထားပြီး ရုပ်ရှင်ရုံတွေကိုလည်း ပိတ်ထားပါတယ်။ သီရိလင်္ကာနိုင်ငံမှာ သုံးရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ၁၀ ယောက် ရှိတယ်လို့ အတည်ပြုထားပြီး လူ ၁၀၀ လောက်ကိုတော့ သံသယလူနာအဖြစ် စောင့်ကြည့်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up